News

POST TYPE

LATEST NEWS POST

ဆိုင်းသံကို နားမခံနိုင်၍ တိုင်ကြား
16-Oct-2017 tagged as မန္တလေး

ကျောက်ပန်းတောင်း၊ အောက်တိုဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်း တောင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် ဆိုင်းတီးလုံး တိုက်သည့်အသံကို နားမခံသာသူတစ်ဦးက အောက်တိုဘာလ ၁၅ ရက်နေ့က ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ တိုင်ကြားခဲ့ကြောင်း ယင်းရုံးထံမှ စုံစမ်းသိရှိရသည်။ 

အဆိုပါ ဆိုင်းသံနှင့် ပတ်သက်၍ ရပ်ကွက်ရုံးတွင်သာမက မြို့နယ် အုပ်ချုပ်ရေးမှူးရုံးအထိပါ တိုင်ကြားထားသည်ဟု သိရပြီး အသံချဲ့စက်များ၊ ဆောင်းဘောက်များနှင့် တိုက်ခြင်းမဟုတ်ဘဲ မော်နီတာ ဆောင်းဘောက် အသေးကိုသာ အသုံးပြုကြောင်း အောင်မင်္ဂလာရပ်ကွက်နေသူ ဥက္ကာဇော်ဆိုင်း တည်ထောင်သူ တစ်ဦးဖြစ်သည့် ဦးပွင့်ဆန်းက ပြောကြားသည်။

ကျောက်ပန်းတောင်းမြို့သည် ဆိုင်းပညာရှင် သဘင်ပညာရှင်များ ထွန်းကားအခြေချရာ မြို့တစ်မြို့ဖြစ်သည့်အားလျော်စွာ ယခုလို ရာသီမျိုးတွင် ပွင့်လင်းကာလများတွင် ပြုလုပ်ကြမည့် သားရှင်ပြု အလှူပွဲများအတွက် သီတင်းကျွတ် လဆန်းပိုင်းမှ တန်ဆောင်မုန်းလကုန်ထိ ဆိုင်းအဖွဲ့များမှာ တီးလုံးတိုက်ကြလေ့ရှိကြောင်း မြို့ခံအချို့က ပြောဆိုသည်။

“ပတ်ဝန်းကျင်က ဆူညံမှုကြောင့် မခံနိုင်လို့ တိုင်ကြားလာရင်တော့ တစ်ဖက်ကလည်း လုပ်ငန်းရှင်ဖြစ်နေတော့ ဖြစ်သင့်တာတွေ ညှိပေးသင့်ပါတယ်။ ဥပမာ အချိန် ကန့်သတ်ပေးတာမျိုးပေါ့။ အဲဒါကိုမှ ပတ်ဝန်းကျင် ပြည်သူတွေက လက်မခံနိုင်ခဲ့ရင်လည်း အခြားတစ်နေရာကိုထွက်ပြီး အစီအစဉ်တစ်ခု ပြောင်းပြီး အလုပ်လုပ်ကြပေါ့ဗျာ။ ဒီနည်းပဲ ရှိတာလေ”ဟု ကျောက်ပန်းတောင်းမြို့ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးတင့်ခိုင်က ဆိုသည်။

ကျောက်ပန်းတောင်းမြို့တွင် ဆိုင်းအဖွဲ့ပေါင်း ၆၀ ကျော်ခန့် ရှိနေပြီး အထူးသဖြင့် ဆိုင်းသဘင်ဂီတအဖွဲ့များ အများဆုံးရှိရာ စံပြရပ်ကွက်ဆိုပါက ယခုကဲ့သို့ အချိန်မျိုးတွင် ဆိုင်းအဖွဲ့များ သီချင်းတီးလုံးတိုက်ခြင်းများဖြင့် ကိုယ်စီ အလုပ်များနေကြချိန်ဖြစ်ကြောင်း ယခင်က မြို့နယ် သဘင်ကောင်စီ ဥက္ကဋ္ဌအဖြစ် ကာလရှည်ကြာစွာ ဆောင်ရွက်ဖူးသူ ဦးမိုးကျော် (ဘိသိက်) က ပြောကြားသည်။

“တစ်ခါတလေ ဆိုရင်တော့လည်း မပြောလိုပါဘူး။ အခုက နေ့ရှိသမျှလေ ဆူညံနေတာပဲ။ ဒါပေမဲ့ သူတို့မှာလည်း စီးပွားရေး လုပ်ကြတာ ဆိုတော့လည်း နားလည်ပေးနေရတာပါပဲ”ဟု အောင်မင်္ဂလာ ရပ်ကွက်နေသူ တစ်ဦးက ဆိုသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ကျောက်ပန်းတောင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ဆိုင်းတည်ထောင်သူ ၁၅ ဦးနှင့် တိုင်ကြားသူတို့ကို အောက်တိုဘာလ ၁၇ ရက်နေ့ ညနေတွင် တွေ့ဆုံညှိနှိုင်း ဖြေရှင်းပေးမည်ဖြစ်ကြောင်း ယင်းရပ်ကွက်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

R-02