News

POST TYPE

LATEST NEWS POST

ရွှေပြည်သာ လူမိုက် အသတ်ခံရမှုမှ ပြစ်မှုကျူးလွန်သူဟု ယူဆရသူသုံးဦးကို ထပ်မံဖမ်းမိ
ရန်ကုန်၊ အောက်တိုဘာ ၁၂

လူသတ်မှုဖြင့် ထောင် အကြိမ်ကြိမ် ကျခဲ့သော ရွှေပြည်သာမှ လူမိုက်ဟုဆိုသူ ကျော်နိုင် အသတ်ခံရမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူဟုဆိုသည့် အမျိုးသား သုံးဦးကို ထပ်မံ ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ရွှေပြည်သာမြို့နယ်၊ အမှတ် (၆) ရပ်ကွက် တော်ဝင်လမ်းတွင် အောက်တိုဘာလ ၁၂ ရက် နံနက် ၃ နာရီခွဲဝန်းကျင်က အိမ်အတွင်း အိပ်ပျော်နေသည့် (အသက် ၅၃ နှစ်) ကျော်နိုင်ကို ဗဟန်းမြို့နယ်မှ လူမိုက်အဖွဲ့က ဓားဖြင့်ခုတ်သတ်ခဲ့ပြီး နောက် ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သည့်အဖွဲ့မှ အဓိက ခေါင်းဆောင်ဖြစ်သူ အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့သည်။

“အခင်းဖြစ်စဉ်ကို မြင်တွေ့လိုက်သူတစ်ဦးရှိတယ်။ ဒါကြောင့် နာရီပိုင်းအတွင်းမှာပဲ လူသတ်မှု ကျူးလွန်တဲ့အဖွဲ့က ခေါင်းဆောင်ဖြစ်သူ ဗဟန်းလူမိုက်ကို ဗဟန်းမြို့က သူ့နေအိမ်မှာ ဖမ်းမိခဲ့တယ်။ အခုထပ်ပြီး သုံးယောက်မိထားတယ်။ မိထားသူတွေကတော့ အခုထိ ငြင်းဆိုနေတုန်းပဲ။ ဝန်မခံသေးဘူး”ဟု ရွှေပြည်သာမြို့မ ရဲစခန်းမှူး ဒုရဲမှူးခင်ဇော်က ပြောသည်။

အဆိုပါ ဖမ်းမိသူသုံးဦးကို အောက်တိုဘာလ ၁၁ ရက် ညပိုင်းနှင့် ၁၂ ရက် နံနက်ပိုင်းတို့တွင် မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံနှင့် ထန်းခြောက်ပင်တို့တွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ယင်းအမှုတွင် ပြစ်မှုကျူးလွန်သည့်အဖွဲ့မှ ခြောက်ဦးထက် မနည်းခဲ့ကြောင်း မျက်မြင်သက်သေ၏ ထွက်ဆိုချက်အရ ရဲတပ်ဖွဲ့ထံမှ သိရသည်။

ခန္ဓာကိုယ်အနှံ့ ပြတ်ရှဒဏ်ရာ ရှစ်ချက်နှင့် ထိုးသွင်းဒဏ်ရာနှစ်ချက် ရရှိခဲ့သူ ကျော်နိုင်ကို ဆေးရုံသို့ မော်တော်ယာဉ်ဖြင့် တင်ပို့စဉ် ယာဉ်ပေါ်ပါလာသည့် ဇနီးဖြစ်သူကို ၎င်းအား ဓားဖြင့် ဝိုင်းခုတ်သူများမှာ မည်သူဖြစ်ကြောင်းနှင့် အသတ်ခံရသည့် အကြောင်းအရင်းတို့ကို မသေဆုံးခင် ပြောကြားခဲ့ကြောင်း ရဲအရာရှိထံမှ သိရသည်။

“သေဆုံးသူ ရွှေပြည်သာလူမိုက်နဲ့ ဗဟန်းလူမိုက်က သူငယ်ချင်းတွေ။ လွန်ခဲ့တဲ့ လေးနှစ်လောက်က ဒဂုံတောင်အမှတ် (၁၇) ရပ်ကွက်ထဲက မြေကွက်ထဲ ဝင်ကျူးနေထိုင်သူတွေကို မိုက်ကြေးခွဲ ဖယ်ရှားပေးဖို့ မြေရှင်က ဗဟန်းလူမိုက်အဖွဲ့ကို ငှားခဲ့တယ်။ ကျူးဖယ်ရှားခ ရတဲ့ငွေတွေ အချင်းချင်း ခွဲယူတဲ့အချိန်မှာ သေဆုံးသူ ကျော်နိုင်က ဝင်ရှုပ်လို့ ဗဟန်းလူမိုက်က ကျပ်သိန်းတစ်ရာ မရလိုက်ဘူး။ ဒီကိစ္စကို ရာဇဝင်ကြေး ဆပ်တာလို့ ကနဦးစစ်ချက်အရ သိရတယ်”ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

လူမိုက် အချင်းချင်း ရာဇဝင်ကြေး ဆပ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့သော ယင်းအမှုကို ရွှေပြည်သာမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး ဖမ်းမိသူ လေးဦးနှင့် လွတ်မြောက်နေသူများကို စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03