News

POST TYPE

LATEST NEWS POST

ရွှေဘိုကောလိပ်ဟောင်းနေရာတွင် အခြေခံ အထက်တန်းကျောင်း စဖွင့်
13-Oct-2017 tagged as ရွှေဘို

ရွှေဘို၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် ယခင်ကောလိပ်နေရာ အဟောင်းတွင် အမှတ် ၄ အခြေခံပညာ အထက်တန်းကျောင်းကို အောက်တိုဘာလ ၁၁ ရက်နေ့က စတင် ကျောင်းအပ်လက်ခံခဲ့ပြီး စတင် ဖွင့်လှစ်လိုက်ကြောင်း ရွှေဘိုမြို့နယ် ပညာရေးမှူး ဦးတင်ငွေက ပြောကြားသည်။

အမှတ် (၄) အခြေခံအထက်တန်းကျောင်းတွင် ခြောက်ခန်းတွဲ စာသင်ဆောင် နှစ်ဆောင်ဖြင့် ၂၀၁၇-၁၈ ပညာသင်နှစ် ပဉ္စမတန်းမှ နဝမတန်းအထိ ကျောင်းသား စုစုပေါင်း ၁၇၁ ဦးဖြင့် စတင် ဖွင့်လှစ်ခဲ့ကြောင်း အ.ထ.က ၄ ကျောင်းတာဝန်ခံ ဆရာမ ဒေါ်ဆွေဆွေမော်က ပြောဆိုသည်။

လက်ရှိ စာသင်ကျောင်းကို အဆင့် တိုးမြှင့်ရခြင်း မဟုတ်ဘဲ ကျောင်းအသစ် ဖွင့်လှစ်ရသော်လည်း အခက်အခဲ ကြီးကြီးမားမား မရှိကြောင်း၊ လက်ရှိ အခြေအနေတွင် ရေတွင်း တူးဖော်ရန်နှင့် မီးကြိုးသွယ်တန်းရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ကျောင်းတာဝန်ခံက ရှင်းပြသည်။

လာမည့် ပညာသင်နှစ်တွင် ရွှေဘိုမြို့၊ တောင်ဘက်ပိုင်းရှိ ကျေးရွာရပ်ကွက်များမှ ကျောင်းသားများကို လက်ခံမည်ဖြစ်ပြီး ကျောင်းသား အရေအတွက် တိုးမြှင့်လာမည်ဖြစ်ပြီး ယခုလက်ရှိ မြို့ပေါ် အထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီးများက အလှည့်ကျ တာဝန်ယူ ဆောင်ရွက်နေကြောင်း ကျောင်းတာဝန်ခံ ဆရာကြီး ဦးအောင်မြင့်က ပြောကြားသည်။

အဆိုပါ ကောလိပ်ဟောင်းကို ၁၉၉၉ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ဒီဂရီကောလိပ် အဆင့်အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဇွန် ၁၃ ရက်နေ့တွင် တက္ကသိုလ်အဆင့်ရောက်ကာ လက်ရှိနေရာမှ ပြောင်းရွှေ့သွားပြီးနောက် ယခုအခါ အမှတ် ၄ အခြေခံ အထက်တန်းကျောင်းအဖြစ် တိုးချဲ့ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်း သိရှိရသည်။

R-09