POST TYPE

LATEST NEWS POST

ဆီဘောက်ဆာ ကုမ္ပဏီက လျော်ကြေးငွေ ထပ်မံ ပေးအပ်
13-Oct-2017 tagged as


ရန်ကုန်၊ အောက်တိုဘာ ၁၂

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်အနီး ပြည်ထောင်စုလမ်းတွင် ဖြစ်ပွားခဲ့သည့် ဆီဘောက်ဆာယာဉ် မီးလောင်ရာအနီးရှိ နေအိမ်၊ ဆိုင်နှင့် မော်တော်ယာဉ်များ မီးလောင်ဆုံးရှုံးခဲ့သူ ၁၀ ဦးကို ဆီဘောက်ဆာကုမ္ပဏီက အောက်တိုဘာလ ၁၁ ရက် နှင့် ၁၂ ရက်နေ့တို့တွင် လျော်ကြေးငွေ ကျပ်သိန်း သုံးထောင်ကျော် ပေးအပ်ခဲ့သည်။

“ပေးတဲ့ လျော်ကြေးငွေ သိန်းသုံးထောင်ကျော်ထဲမှာ မီးလောင်သွားတဲ့ ဒေါ်လာ တစ်သိန်းနှစ်သောင်းကျော်တန်တဲ့ ဘူဒိုဇာတစ်စီးဖိုးပါတယ်။ လတ်တလော နစ်နာကြေး မရသေးသူတွေက သုံးထပ်တိုက်နဲ့ ကားဝပ်ရှော့ ကားအပိုပစ္စည်းဆိုင်နဲ့ ကားလေးစီး မီးထဲပါသွားတဲ့ ပိုင်ရှင် ကိုမင်းနိုင် အပါအဝင် သုံးဦးပါ တန်ဖိုးကြီးမားစွာ ဆုံးရှုံးခဲ့သူ သုံးဦးကို လာမယ့် တနင်္လာနေ့မှာ ကုမ္ပဏီဘက်က တာဝန်ရှိသူတွေက တွေ့ဆုံဆွေးနွေးပြီးမှ လျော်ကြေးငွေပေးဖို့ စီစဉ်မယ်လို့ သိရတယ်”ဟု ဦးညီညီက ဆိုသည်။

သြဂုတ်လ ၂၂ ရက် ည ၁၀ နာရီဝန်းကျင်က ပြည်ထောင်စုလမ်းပေါ်တွင် ဆီဘောက်ဆာယာဉ်ကို ကွန်တိန်နာယာဉ်တစ်စီးမှ နောက်မှဝင်တိုက်မိခဲ့သောကြောင့် ဆီဘောက်ဆာယာဉ် မီးလောင်ခဲ့ပြီး အနီးရှိ နေအိမ်၊ ဆိုင်နှင့် မော်တော်ယာဉ်များ မီးလောင်ဆုံးရှုံးခဲ့သည်။

“ဆီဘောက်ဆာ ကုမ္ပဏီက နစ်နာသူတွေကို ပထမ ကရုဏာကြေး ပေးတယ်။ အခု နစ်နာကြေး ထပ်ပေးတော့ အချို့လူတွေဆို ကိုယ်တင်ပြထားတဲ့ ဆုံးရှုံးမှု တန်ဖိုးငွေက ကျပ်သိန်းတစ်ရာ ဆိုပေမယ့် တစ်ကယ် ပြန်ရလိုက်တာက သိန်း နှစ်ရာကျော် သုံးရာနီးပါးပဲ။ အားလုံး အဆင်ပြေသွားကြပါပြီ။ ကြီးကြီးမားမားပေးစရာ ကျန်နေတဲ့သူတွေကိုလည်း ကုမ္ပဏီဘက်က တာဝန်ရှိသူတွေက ဆက်လက် ဆွေးနွေးဦးမယ်လို့ သိရတယ်။”ဟု မီးဘေးသင့် နစ်နာခဲ့သူ တစ်ဦးက ပြောသည်။

မီးဘေးသင့်သူများက ၎င်းတို့၏ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ခုနှစ်ထောင်ကျော်ရှိကြောင်း ကုမ္ပဏီထံ တင်ပြထားသော်လည်း လက်ရှိကုမ္ပဏီမှ ကျပ်သိန်း သုံးထောင်ကျော် လျော်ကြေးပေးခဲ့ပြီး ဖြစ်သည်။ အဆိုပါ ဆီဘောက်ဆာယာဉ် မီးလောင်မှုတွင် ယာဉ်မဆင်မခြင် မောင်းနှင်ခဲ့သော ကွန်တိန်နာယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ယနေ့အချိန်ထိ ယင်းယာဉ်မောင်း အမျိုးသားကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03

  • TAGS