News

POST TYPE

LATEST NEWS POST

ထားဝယ်မြို့တော်ခန်းမကို ကယ်တော်မူပါ
13-Oct-2017 tagged as ထားဝယ်


ထားဝယ်၊ အောက်တိုဘာ ၅

ထားဝယ်မြို့တော်ခန်းမဝင်း တစ်ခုလုံး ပုဂ္ဂလိကပိုင် ဟိုတယ်တစ်ခုလက်သို့ ရောက်နေသည်။ ခန်းမဝင်းကို နှစ် ၃၀ စာချုပ်ဖြင့် အငှားချထားခြင်း ဖြစ်သည်။

မြို့တော်ခန်းမဝင်း အပါအဝင် အစိုးရ ဧည့်ရိပ်သာ အဆောက်အအုံ မြေဧရိယာ ၃ ဒသမ ၈၉ ဧကကို ဟိုတယ်ထားဝယ်အား ၂၀၄၃ ခုနှစ်အထိ ငှားရမ်းထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန(ထွေ/အုပ်) ညွှန် ကြားရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

“(မြို့တော်ခန်းမ အဝန်းအဝိုင်း တစ်ခုလုံး) ပါတယ်ပေါ့”ဟု ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။ စာချုပ်အရ ထိုနေရာကို ၂၀၁၃ ခုနှစ်မှ စတင် ငှားရမ်းထားခြင်းဖြစ်သည်။ သို့သော် ယင်းနေရာတွင် ဟိုတယ် ဆောက်လုပ်ရေး လုပ်ငန်းများကို ၂၀၁၂ ခုနှစ်ကတည်းက စတင်နေခဲ့ပြီးဖြစ်သည်။

ယင်းမြေနေရာမှာ ထွေ/အုပ် စီမံခန့်ခွဲမှုပိုင်ဖြစ်ပြီး ထားဝယ်မြို့တော်ခန်းမ အဆောက်အအုံကို ထားဝယ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၁၉၉၀ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

စည်ပင်အနေနှင့် မြို့တော်ခန်းမကို ထိန်းသိမ်းပြင်ဆင်ရန်သာ တာဝန်ရှိကြောင်း တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်က ပြောသည်။

ခေတ်အဆက်ဆက် နိုင်ငံတော်အဆင့်မှအစ အဆင့်ဆင့်သော အကြီးအကဲများ အစည်းအဝေးများ၊ တွေ့ဆုံပွဲများ၊ အခမ်းအနားများ ပြုလုပ်ရာတွင် အသုံးပြုခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌများနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စသူတို့ ထားဝယ်သို့ ရောက်ရှိစဉ်ကလည်း အစိုးရဌာနဆိုင်ရာများ၊ မြို့မိမြိုဖများနှင့် တွေ့ဆုံပွဲများ၊ အစည်းအဝေးများကို မြို့တော်ခန်းမတွင်ပင် ပြုလုပ်ခဲ့ကြသည်။

ယခင် ခေတ်အဆက်ဆက် မြို့တော်ခန်းမကို အစိုးရဌာနဆိုင်များကသာ အသုံးပြုခွင့် ရခဲ့သော်လည်း ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် အစိုးရ မဟုတ်သော လူထုအခြေပြု အဖွဲ့အစည်းများပါ အသုံးပြုခွင့် ရလာသည်။

အစိုးရ အဆက်ဆက် ကျင်းပရန် ခက်ခဲခဲ့သည့် ဆဲဗင်းဂျူလိုင် ကဲ့သို့သော နိုင်ငံရေးလှုပ်ရှားမှု အထိမ်းအမှတ်ပွဲမျိုးမှအစ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ဦးဆောင်ကျင်းပသည့် အထိမ်းအမှတ် အခမ်းအနားများအလယ်၊ အများနှင့် သက်ဆိုင်သည့် ပန်းချီ၊ ဓာတ်ပုံပြပွဲများအဆုံး မြို့တော်ခန်းမကို ငှားရမ်း အသုံးပြု ကျင်းပခွင့် ရလာသည်။

မြို့တော်ခန်းမငှာရမ်းခကို ထားဝယ် မြို့နယ်စည်ပင်ရုံးသို့ ပေးဆောင်ရသည်။ ငှားရမ်း အသုံးပြုသည့် လူ၊ အဖွဲ့အစည်းများထံမှ တစ်နာရီအတွက် ခန်းမကြေး တစ်သောင်းကျပ်၊ လေအေးပေးစက်ခ တစ်သောင်းခွဲကျပ်၊ အသံချက်စက်ခ တစ်သောင်းကျပ်ဟူ၍ စုစုပေါင်း သုံးသောင်းခွဲကျသင့် ကောက်ခံနေကြောင်း ထားဝယ်မြို့ စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူး ဦးစည်သူရအောင်ထံမှ သိရ သည်။

“ငှားချင်ရင် ငှားတဲ့အဖွဲ့က အစိုးရအဖွဲ့ရုံးကို လှမ်းတင်တယ်၊ အစိုးရအဖွဲ့ရုံးက ခွင့်ပြုပေးရင် ကျွန်တော်တို့က ခန်းမကို ပြင်ပေးတယ်” ဟု ၎င်းက ပြောသည်။

ယခုတော့ အစိုးရဧည့်ရိပ်သာနေရာ တည်ရှိခဲ့ရာ ဟိုတယ်နေရာ အပါအဝင် မြို့တော်ခန်းမဝင်း တစ်ခုလုံးကို ထားဝယ် ဟိုတယ်က အုတ်တံတိုင်းအသစ် ခတ်လိုက်သည်။ ဟော်တယ်အား မြေငှားရမ်းခဲ့သဖြင့် နောက်ပိုင်းတွင် မြို့တော်ခန်းမကို မြို့သူ၊ မြို့သားတွေ အသုံးပြုခွင့်ရရေး မရေရာတော့ကြောင်း ယင်းခန်းမတွင် လူငယ်ရေးရာ အစည်းအဝေးများ၊ အခမ်းအနားများ ကျင်းပခဲ့ဖူးသည့် ထားဝယ်တက်ကြွ လူငယ်အဖွဲ့မှ ကိုဝေဖြိုးက ပြောသည်။

“လာမယ့်နှစ်တောင် မသေချာတော့ဘူးထင်တယ်၊ လုပ်နေကျ အခမ်းအနားတွေ၊ အစည်းအဝေးတွေ ဘယ်နေရာမှာလုပ်ဖို့ စီစဉ်ထားလဲ မေးချင်တယ်”ဟု ကိုဝေဖြိုးက မေးခွန်းထုတ်သည်။

မြို့တော်ခန်းမ အဆောက်အအုံကိုမူ လောလောဆယ် အသုံးပြုရန် မရှိသေးကြောင်း ထားဝယ်ဟိုတယ် မန်နေဂျာ ဦးမောင်မောင်ဂျိမ်းက ပြောကြားသည်။

“ကျွန်တော့်မှာလည်း ခန်းမတွေ ရှိတယ်၊ ခန်းမဆိုဒ်မျိုးစုံ ရှိတယ်၊ လောလောဆယ်တော့ သုံးစရာ မရှိဘူး”ဟု ၎င်းက ပြောသည်။

မြို့တော်ခန်းမရှေ့ရှိ မြက်ခင်းပြင်ကို အုတ်စီကာ ဟိုတယ်ကားပါကင်အဖြစ် ပြုပြင်လိုက်သည်။ ထိုနေရာမှာ မြို့တော်ခန်းမလာ ဧည်သည့်များ၏ ကားပါကင် နေရာဖြစ်သည်။

ယင်းကားပါကင်တွင် မြို့တော်ခန်းမလာ ဧည့်သည်ကားများ လာရပ်နိုင်ပြီး ဟိုတယ်မှလည်း လိုအပ်က မြို့တော်ခန်းမ နေရာတွင် ကားများထားမည်ဖြစ်ကြောင်း ဦးမောင်မောင်ဂျိမ်းက ရှင်းပြသည်။

“(မြို့တော်ခန်းမမှာ) ပွဲလမ်း သဘင်တွေရှိရင် ဒီဘက်(ကားပါကင်)မှာ လာရပ်လို့ ရပါတယ်။ (ဟိုတယ်က ကားတွေ) ပြည့်နေရင်တော့ ရပ်လို့ ရချင်မှ ရမှာပေါ့နော်”ဟု ၎င်းက ပြောသည်။

ထိုအပြင် ဟိုတယ် မီးစက်ရုံကို မြို့တော်ခန်းမကိုကျော်၍ ဆောက်ထားသည်။ မြို့တော်ခန်းမက ဟိုတယ်နှင့် ဟိုတယ် မီးစက်ရုံကြားမှာ ဖြစ်နေသည်။

ယင်းမီးစက်မှာ လမ်းမနှင့် ကပ်နေကာ မီးခိုးတိုင်ကို လမ်းမဘက် လှည့်ထားသဖြင့် မီးစက်နှိုးချိန် မီးခိုးတိုင်မှထွက်သည့် စက်ဆီ အညစ်အကြေးများ လမ်းသွားလမ်းလာများကို ပေကြံစေကြောင်း မြို့ခံအချို့က ဖွင့်ဟကြသည်။

“(မီးစက်ကို) မီးပျက်တဲ့အခါမှ သုံးပါတယ်”ဟု ဟိုတယ်မန်နေဂျာ မောင်မောင်ဂျိမ်းက ပြောသည်။

မည်သို့ဆိုစေ မြို့တော်ခန်းမ မြေနေရာအားလုံး ဟိုတယ်တစ်ခုလက်ထဲ ရောက်နေသည်ကို သိသူ နည်းပါးလှသည်။ သို့သော် သိသမျှ ထားဝယ်နယ်ခံတို့က မနှစ်မြို့ကြပေ။

အများပြည်သူနှင့် သက်ဆိုင်သည့် ယင်းမြေနေရာအား ပုဂ္ဂလိကပိုင် နှစ်ရှည် ငှားရမ်းအသုံးပြုခွင့် ချထားပေးခဲ့သည်မှာလည်း အံ့ဩဖွယ်ဟု ပြောဆိုကြသည်။

မြိုတော်ခန်းမနေရာမှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်၊ မြို့တော် ခန်းမ၊ ဗထူးပန်းခြံ၊ စသည့် မြို့ကျက် သရေဆောင် နေရာအဖြစ် မြို့သူမြို့သားများက စွဲမှတ်ထားကြကြောင်း ပြောဆိုကြသည်။

ယခုမှ လူထုနှင့် ပိုနီးစပ်လာသည့် ထားဝယ်မြို့တော်ခန်းမအား လာမည့်နှစ်အတွင်း ဟိုတယ်က ဝါးမြိုသွားမည်ကို စိုးရိမ်ပူပန်မိကြောင်း ထားဝယ်တက်ကြွ လူငယ်အဖွဲ့မှ ကိုဝေဖြိုးက ပြောသည်။

“မြို့တော်ခန်းမကို အမြန်ကယ်တင်ပါလို့ တာဝန်ရှိသူတွေကို တောင်းဆိုချင်တယ်”ဟု ကိုဝေဖြိုးက ပြောသည်။

Dawei Watch