News

POST TYPE

LATEST NEWS POST

ဘုန်းကြီးကျောင်းအတွင်းရှိ ဆိုင်ခန်းများ ဖယ်ရှား၍ နေရာ ပြန်ချထားပေးရန် စီစဉ်
13-Oct-2017 tagged as မန္တလေး

မိတ္ထီလာ၊ အောက်တိုဘာ ၁၂

မန္တလေးတိုင်းအတွင်းရှိ ဘုန်းကြီးကျောင်းများတွင် ဆိုင်ခန်းများကို ဖယ်ရှားကာ အခြားနေရာ၌ ပြန်လည် နေရာချထားပေးရန် စီစဉ်နေကြောင်း မန္တလေး တိုင်းအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောကြားသည်။

ဘုန်းကြီးကျောင်းဝင်းများအတွင်း စီးပွားလုပ်ကိုင်နေသည့် လုပ်ငန်းများကို တိုင်းသံဃနာယက ညွှန်ကြားချက်ဖြင့် ဖယ်ရှားပေးရန် မန္တလေးတိုင်း သာသနာရေး ဦးစီးဌာနက စီစဉ်နေခြင်းနှင့်ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

“အမြင်မတော်တာတွေ ဖြစ်မှာ စိုးလို့ တားမြစ်တာပါ။ သူတို့အနေနဲ့ လုပ်ငန်းလုပ်ချင်တယ်ဆိုရင် ကျွန်တော်တို့ဆီ လာလျှောက်ပါ။  ဒါကိုတော့ စဉ်းစားပေးရမှာပေါ့။ သူတို့က ခွင့်ပြုချက်တောင်းရင် ဘုန်းကြီးကျောင်းထဲမှာတော့ ခွင့်ပြုပေးမှာ မဟုတ်ပါဘူး။ အခြားနေရာတွေပေါ့။ ဥပမာ- စည်ပင်နယ်နိမိတ်ထဲက စက်မှုဇုန်တွေ မြို့သာစက်မှုဇုန်လို နေရာမျိုးတွေမှာ နေရာပေးနိုင်တာပေါ့”ဟု ဦးစိုင်းကျော်ဇောက ရှင်းပြသည်။

ယင်းသို့ နေရာချထားပေးခြင်းမှာ အသေးစား အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ ဘုန်းကြီးကျောင်းဝင်းများအတွင်း ရှိ လုပ်ငန်းများ ဖယ်ရှာပေးရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ညွန်ကြားထားကြောင်း၊ ဘုန်းကြီးကျောင်းဝင်းများအတွင်း ကားပြင်လုပ်ငန်း၊ ပဲမျိုးစုံရောင်းဝယ်ရေး လုပ်ငန်းများနှင့် ကော်ဖီစေ့လုပ်ငန်းများ လုပ်ကိုင်နေသည်ကို တွေ့ရကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။ 

ဘုန်းကြီးကျောင်းအချို့၌ တရားမဝင် သစ်များနှင့် လိုင်စင်မဲ့ကားများ ထားရှိသည့်အပြင် မိသားစုစီးပွားရေးအတွက် ဈေးဆိုင်ဖွင့်နေမှုများ၊ လောင်းကစားဒိုင်များ တွေ့ရကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။  
မန္တလေးတိုင်းအတွင်း ဘုန်းတော်ကြီး ကျောင်း ၉၇၅၅ ကျောင်းရှိကြောင်း တိုင်း သာသနာရေး ဦးစီးဌာနထံမှ သိရသည်။

M-05