News

POST TYPE

LATEST NEWS POST

ရေကြောင်းဘတ်စ်ပေါ်တွင် ကျပ် ၄၅၀ တန် ထမင်းဘူးများ စတင်ရောင်းချ
12-Oct-2017 tagged as Water Bus

ရန်ကုန်၊ အောက်တိုဘာ ၁၂

ရန်ကုန်မြစ်အတွင်း ပထမဆုံး ပြေးဆွဲနေသည့် ရေကြောင်းဘတ်စ်ပေါ်တွင် ကျပ် ၄၅၀ တန် ထမင်းဘူးများ အောက်တိုဘာလ ၁၂ ရက်က စတင် ရောင်းချပေးလျက်ရှိကြောင်း တင့်တင့်မြန်မာကုမ္ပဏီထံမှ သိရသည်။

ရေကြောင်းဘတ်စ် စီးနင်းသည့် ခရီးသည်များ စရိတ်သက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် သင်္ဘောပေါ်၌ သာမက အင်းစိန်ဆိပ်ကမ်းတွင်လည်း ရောင်းချပေးလျက်ရှိကြောင်း အဆိုပါကုမ္ပဏီဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောကြားသည်။

“သက်သာတဲ့ဈေးနဲ့ စားနိုင်အောင် စီစဉ်တာပါ။ ဟင်းအနေနဲ့ အဆင်ပြေဆုံး ဖြစ်အောင် ဘဲဥချဉ်ဟင်းဆိုရင် တစ်မျိုးတည်း မဟုတ်ဘဲ ငရုတ်သီးကြော်လေးပါ ထည့်ပေးထားတယ်”ဟု ၎င်းက ဆိုသည်။

ရေကြောင်းဘတ်စ် စီးနင်းချိန်တွင် ဝန်ထမ်းများ အပါအဝင် ခရီးသည်များ အားလုံး နံနက်စာ၊ နေ့လယ်စာအတွက် စားသောက်ရေး အခက်အခဲကို ဖြေရှင်းပေးသည့်အနေနှင့် ထမင်းဘူးများ ရောင်းချခြင်း၊ ကော်ဖီနှင့်မုန့်များ ရောင်းချခြင်းဖြစ်ကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောကြားသည်။

အဆိုပါ ထမင်းဘူးများ ရောင်းချရာတွင် ခရီးသည်များ အနေနှင့် မြစ်ထဲသို့ စွန့်ပစ်အမှိုက်များ မပစ်ချရန် လိုအပ်ပြီး သင်္ဘောတွင် ထားရှိသည့် အမှိုက်ပုံးများတွင်သာ စနစ်တကျ စွန့်ပစ်ပေးစေချင်ကြောင်း တင့်တင့်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ခရီးသည်တွေက စည်းကမ်း လိုက်နာတဲ့သူရှိတယ်။ မလိုက်နာတဲ့သူလည်း ရှိနေတော့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးအောင် လမ်းပြပြောဆိုနေရတယ်။ တချို့ ခရီးသည်ဆို မြစ်ထဲ အမှိုက်ပစ်ချတာ တွေ့ရတယ်”ဟု ၎င်းက ဆိုသည်။

သင်္ဘော၏အတွင်းနံရံတွင် အမှိုက်များ မြစ်ထဲ ပစ်မချရန်နှင့် စနစ်တကျ အမှိုက်စွန့်ပစ်ရန် သတိပေးစာများ ကပ်ထားသည့်အပြင် သင်္ဘောပေါ်ရှိ ဝန်ထမ်းက အသံချဲ့စက်ဖြင့် သတိပေး နှိုးဆော်ပေးပြီး သင်္ဘောတစ်စင်းလျှင် အမှိုက်ပုံး နှစ်ပုံးခန့်ထားရှိကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီထံမှ သိရသည်။ 

လက်ရှိတွင် စတင်ရောင်းချသည့် ရက်ဖြစ်၍ တစ်ရက်တာ ထမင်းဘူး အရေအတွက် ရောင်းချမည်ကို မှန်းဆ၍ မရသေးကြောင်း၊ ထမင်းနှင့် တွဲဖက် စားသုံးမည့် ဟင်းလျာအနေနှင့် ဟင်းသီးဟင်းရွက်နှင့် အသားငါးဟင်းကို အလှည့်ကျဖြင့် စားသုံးမှု အဆင်ပြေရန် စီမံမည်ဖြစ်ကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီထံမှ သိရသည်။

ရန်ကုန်ရေကြောင်းဘတ်စ်၏ ဗိုလ်တထောင်-အင်းစိန် ခရီးစဉ်ကို အောက်တိုဘာလ ၇ ရက်က စတင်ပြေးဆွဲခဲ့သည်။

J-06