News

POST TYPE

LATEST NEWS POST

လေးနှစ်အတွင်း စပါးဈေး အမြင့်ဆုံးရောက်
12-Oct-2017 tagged as


ရန်ကုန်၊ အောက်တိုဘာ ၁၂

ယခုနှစ်မိုးစပါးအဖွင့်ဈေးသည် ၂၀၁၄ ခုနှစ်မှ ယခုနှစ်အထိ လေးနှစ်အတွင်း စံချိန်တင် မြင့်တက်လျက်ရှိပြီး အမြင့်ဆုံး ဈေးနှုန်းသို့ ရောက်ရှိကြောင်း စပါးဈေးကွက်အတွင်းမှ သိရသည်။

ယခုနှစ်စပါးဈေးသည် ၂၀၁၄ ခုနှစ်ကထက် တင်း ၁၀ဝ လျှင် ကျပ် နှစ်သိန်းခွဲခန့်၊ ၂၀၁၅ ခုနှစ်ကထက် တင်း ၁၀ဝ လျှင် တစ်သိန်းခန့်နှင့် ၂၀၁၆ ခုနှစ်ကထက် တင်း ၁၀ဝ လျှင် ကျပ်နှစ်သိန်းခွဲခန့် မြင့်တက်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိ စပါးဈေးကွက်အတွင်း အရောင်းအဝယ် ကောင်းမွန်လျက်ရှိပြီး ယခုနှစ် စပါးဈေးသည် ပြည်ပ ဆန်ဝယ်လိုအား ကောင်းမွန်ခြင်း အပါအဝင် ကမ္ဘာ့ဈေး မြင့်တက်ခြင်းနှင့် အာဆီယံ ဒေသတွင်း နိုင်ငံများ၌လည်း စပါးဈေး မြင့်တက်နေခြင်းတို့ကြောင့် ဈေးတက်ခြင်းဖြစ်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ယခုနှစ်မိုးစပါးများသည် ဆန်ကြမ်းစပါးများက ပဲခူးတိုင်း ဒေသအချို့မှ ထွက်ရှိနေပြီဖြစ်ပြီး ဆန်ချောစပါးများမှာ ထွက်ရှိရန် အနည်းငယ် လိုအပ်နေသေးသော်လည်း အောက်တိုဘာ လကုန်ပိုင်းတွင် တစ်နိုင်ငံလုံးမှ စပါးများ လှိုင်လှိုင် ထွက်ပေါ်လာမည်ဖြစ်ကြောင်း လယ်သမားများထံမှ သိရသည်။

သို့သော် ဒေသစုံမှ စပါးများ ထွက်ရှိလာပါက ယခုစပါးဈေးမှာ ကျဆင်းသွားနိုင်ကြောင်း ဆန်ကုန်သည်များက ပြောဆိုသည်။

စပါးဈေးသည် ၂၀၁၅ ခုနှစ်အတွင်းက နိုင်ငံအတွင်း ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တင်း ၁၀ဝ လျှင် ကျပ်ငါးသိန်းခွဲဖြင့် စံချိန်တင်ရရှိခဲ့ဖူးပြီး ယခုဈေးမှာ တင်း ၁၀ဝ လျှင် ကျပ် ခြောက်သိန်းခွဲအထိ ရောက်ရှိလျက်ရှိသည်။

မိုးစပါးအဖွင့်ဈေးများသည် ၂၀၁၄ ခုနှစ်က တင်း ၁၀ဝ လျှင် ကျပ် လေးသိန်းခန့်၊ ၂၀၁၅ ခုနှစ်အတွင်းက တင်း ၁၀ဝ လျှင် ကျပ် ငါးသိန်းခွဲခန့်၊ ၂၀၁၆ ခုနှစ်အတွင်းက ကျပ်လေးသိန်းခန့်နှင့် ယခုနှစ်အတွင်း တင်း ၁၀ဝ လျှင် ကျပ် ခြောက်သိန်းခွဲခန့်ဈေးရှိကြောင်း စပါးဈေးကွက်အတွင်းမှ သိရသည်။

S-04

  • TAGS