News

POST TYPE

LATEST NEWS POST

ကုလ အထွေထွေ အတွင်းရေးမှူး၏ နိုင်ငံရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယနေ့ မြန်မာနိုင်ငံ ရောက်မည်
12-Oct-2017 tagged as ရန်ကုန်

ရန်ကုန်၊ အောက်တိုဘာ ၁၂

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး၏ နိုင်ငံရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ဂျက်ဖရီဖက်လ်မန်းသည် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပြဿနာများ ဖြေရှင်းပေးရေးအတွက် သောကြာနေ့(ယနေ့)တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းထုတ်ပြန်ရေးစင်တာ(UNIC) က သတင်းထုတ်ပြန်သည်။ 

“ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ စစ်ဆင်ရေးများနှင့် အကြမ်းဖက် တိုက်ခိုက်မှုများ အဆုံးသတ်ရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လွတ်လပ်စွာ ထောက်ပံ့ခွင့်ရရှိရေး၊ ဒုက္ခသည်များ မိမိနေထိုင်ရာအရပ်သို့ လုံခြုံစိတ်ချစွာ ပြန်လည် ရောက်ရှိနိုင်ရေးအတွက် အထွေထွေ အတွင်းရေးမှူးက ထပ်ခါတလဲလဲ တိုက်တွန်းခဲ့ပါသည်။ မစ္စတာဂျက်ဖရီဖက်လ်မန်းသည် အဆိုပါ အရေးကြီးကိစ္စများကို ဖြေရှင်းနိုင်ရေးအတွက် မြန်မာနိုင်ငံနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်”ဟု UNIC ၏ ကြေညာချက်ကဆိုသည်။ 

အထွေထွေ အတွင်းရေးမှူး၏ နိုင်ငံရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဂျက်ဖရီ ဖက်လ်မန်း လာရောက်မည့်ကိစ္စသည် မြန်မာအခြေစိုက် UNHCR ၏ အကြီးအကဲ မစ္စရီနာတာ လွတ်ဒီဆယ်လီယန်အား နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်က ပြန်လည် ခေါ်ယူမှုနှင့် တိုက်ဆိုင်လျက်ရှိသည်။ 

မစ္စရီနာလွတ်ဒီဆယ်လီယန်သည် ယခု အောက်တိုဘာ လကုန်ပိုင်းတွင် မြန်မာနိုင်ငံနှင့်ဆိုင်သော တာဝန်များ ပြီးဆုံးပြီဖြစ်သည်ဟု ကုလသမဂ္ဂက ဆိုသည်။ 

ရန်ကုန်အခြေစိုက် သံတမန် အသိုင်းအဝိုင်းများနှင့် အကူအညီပေးရေး အဖွဲ့များ၏ အဆိုအရ မစ္စရီနာလွတ်ဒီဆယ်လီယန်သည် ဘင်္ဂါလီ ပြဿနာတွင် လူ့အခွင့်အရေးကိစ္စကို ဦးစားပေး လုပ်ဆောင်ရန် တာဝန်ပျက်ကွက်ခဲ့ခြင်းကြောင့် ယခုလို  ဌာနချုပ်က ပြန်လည် ခေါ်ယူခြင်းဖြစ်သည်ဟု BBC သတင်းဌာနက ကိုးကားဖော်ပြသည်။ 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက BBC သတင်းဌာန၏ မေးမြန်းချက်နှင့်ပတ်သက်၍ မစ္စရီနာလွတ်ဒီဆယ်လီယန် မြန်မာနိုင်ငံမှ ပြန်မည့်ကိစ္စသည် ရာထူး အပြောင်းအလဲ ကိစ္စသာဖြစ်သည်ဟု တုံ့ပြန်ပြောဆိုသည်။

F-01