News

POST TYPE

LATEST NEWS POST

မြန်မာတစ်နိုင်ငံလုံးတွင် လဝက ဝန်ထမ်းအသစ် ၅၀ဝ ဦးခန့်မည်
12-Oct-2017 tagged as ကျိုင်းတုံ

ကျိုင်းတုံ၊ အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များ အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် လဝက ဝန်ထမ်းအသစ် ၅၀ဝ ဦးခန့်အပ်မည်ဖြစ်ရာ အောက်တိုဘာလ ၁၀ ရက်နေ့ကစတင်ကာ  လျှောက်ထားခွင့်ပြုထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားသည်။

နယ်စပ်ဒေသများတွင် နိုင်ငံခြားသားများ ဝင်ထွက် သွားလာမှု စစ်ဆေးရေးအတွက် အင်အားဖြည့်တင်းနိုင်ရန် အပါအဝင် လဝကရုံးများတွင် မှတ်ပုံတင် လုပ်ငန်းများနှင့် နိုင်ငံခြားသားများ ထိန်းသိမ်းရေးလုပ်ငန်းစသည့် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများအတွက် ဝန်ထမ်းများ တိုးမြှင့်ခန့်အပ်ရခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။
 
“လိုအပ်ချက်အရ တစ်နိုင်ငံလုံးမှာ ဝန်ထမ်းအသစ် ၅၀ဝ ခန့်အပ်မှာပါ။ ရုံး အစောင့်တွေက ဒေသခံ အမျိုးသားတွေကိုပဲ ခန့်အပ်မှာ ဖြစ်သလို ကွန်ပျူတာလုပ်ဆောင်ရေးမှူးတွေက အမျိုးသမီးတွေ ခန့်အပ်မှာပါ။ ကျန်တဲ့ လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူးတွေက အမျိုးသားတွေပဲ ခန့်မှာပါ”ဟု ကျိုင်းတုံမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ခေတ္တ ပြည်နယ် ဒုတိယဦးစီးမှူး ဦးရဲရင့်ထွန်းက ပြောကြားသည်။

ရုံးအစောင့်အဖြစ် လျှောက်ထားလိုသည့် ဝန်ထမ်းလောင်းများ အနေနှင့် အခြေခံပညာ အလယ်တန်းအဆင့် ရှိရန်လိုအပ်ပြီး လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူးနှင့် ဒုတိယ လက်ထောက် ကွန်ပျူတာ လုပ်ဆောင်ရေးမှူး ဝန်ထမ်းလောင်းများအနေနှင့် ဘွဲ့ရရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ လျှောက်ထားသူများအနေနှင့်  အင်္ဂလိပ်နှင့် အထွေထွေ ဗဟုသုတ ရေးဖြေစာမေးပွဲ ဖြေဆိုရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
 
မြန်မာတစ်နိုင်ငံလုံးတွင် လဝကရုံး အစောင့်ဝန်ထမ်း ၁၅၀ ဦး၊ လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး ၂၅၀ ဦးနှင့် ဒုတိယ လက်ထောက် ကွန်ပျူတာ လုပ်ဆောင်ရေးမှူး ၁၀ဝ ဦး ခန့်အပ်မည်ဖြစ်ရာ သက်ဆိုင်ရာ လဝကရုံးများတွင် လျှောက်လွှာများ အခမဲ့ ရယူပြီး အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံး လျှောက်ထားနိုင်ကြောင်း သိရသည်။