News

POST TYPE

LATEST NEWS POST

တရားမဝင်သစ်ခိုးထုတ်ရာတွင်ပါဝင်သည့် သစ်တောဝန်ထမ်းများကို စစ်ဆေးမည်
12-Oct-2017 tagged as သစ် တရားမဝင်

ကလေး၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အတွင်း ပြီးခဲ့သည့်လအတွင်းက ဖမ်းဆီးရမိခဲ့သည့် တရားမဝင် သစ်များနှင့်ပတ်သက်၍ သစ်ခိုးထုတ်ရာတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသည့် သစ်တောဝန်ထမ်းများကို စုံခုံဖွဲ့စစ်ဆေးရန် ဆောင်ရွက်လျက်ရှိကြောင်း ကလေးခရိုင် သစ်တောဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။ 

အဆိုပါ သစ်များကို မော်လိုက်မြို့မှ သယ်ဆောင်လာခြင်းဖြစ်ပြီး ကလေးဝမြို့နယ် ချင်းတွင်းမြစ်ကူး တံတားအနီး ဖမ်းဆီးရမိရာတွင် သစ်တောတံဆိပ် ရိုက်နှိပ်ထားသည့် ခရိုင်ကျော်ယူခွင့် စာရွက်စာတမ်းများကို ယာဉ်ပေါ်တွင် တွေ့ရှိရသည့် အတွက် စစ်ဆေးခဲ့ရာ၌ စာရွက်စာတမ်း အတုနှင့် တရားမဝင်သစ်များဖြစ်နေ၍ တမူး၊ မော်လိုက်နှင့် ကလေးဝမှ သစ်တောဝန်ထမ်းများကို စစ်ဆေးမည်ဖြစ်ကြောင်း ကလေးခရိုင် သစ်တောဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးသန်းက ပြောကြားသည်။

“တာဝန်ရှိသူတွေကို စစ်ဆေးဖို့လည်း ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ပါဝင်တဲ့အဖွဲ့ ဖွဲ့မယ်။ ဖွဲ့ပြီး စစ်လို့တွေ့ရင်လည်း ဝန်ထမ်းတွေကို အရေးယူသွားဖို့ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။ 

ယင်းသို့ တရားမဝင်သစ်များ သယ်ဆောင်ခဲ့သည့် ဦးမောင်အေးကို တရားစွဲဆို အရေးယူမည်ဖြစ်ပြီး မော်လိုက်မြို့ရှိ ဦးသန်းဇော်ပိုင် သစ်အချောထည်ထုတ်စက်ရုံကိုလည်း ယာယီ ပိတ်သိမ်းမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။ 

အဆိုပါ တရားမဝင် သစ်ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သစ်တောဝန်ထမ်းများကို စစ်ဆေးရန်အတွက် စစ်ဆေးရေးအဖွဲ့ ဖွဲ့ရန် သက်ဆိုင်ရာ ညွန်ကြားရေးမှူးချုပ်ရုံးသို့ ဖွဲ့စည်းခွင့်တင်ထားကြောင်း ယင်းဌာန တာဝန်ရှိသူများထံမှ သိရသည်။ 

ကလေးဝ၊ ချင်းတွင်းမြစ်ကူးတံတားအနီး မော်တော်ယာဉ် နှစ်စီးပေါ်မှ တမလန်း သစ်တန်ချိန် ၁၆ တန်ချိန်ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါကားနှစ်စီးမှ ယာဉ်မောင်းနှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း ကလေးခရိုင်၊ သစ်တောဦးစီးဌာနထံမှ သိရသည်။

R-20