News

POST TYPE

LATEST NEWS POST

အမျိုးသားအလောင်း သင်္ဂြိုဟ်ပြီး ၃ လကျော် အကြာတွင် လူသတ်မှုပေါ်
10-Oct-2017 tagged as လူသတ်မှု

တောင်ငူ၊ အောက်တိုဘာ ၁၀

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ နယ် မိုးကောင်းကျေးရွာအုပ်စု ရွာသစ် ကျေးရွာတွင် အသက် ၄၇နှစ် အမျိုးသား တစ်ဦး သေဆုံးမှု သင်္ဂြိုဟ်ပြီး သုံးလကျော်အကြာတွင်  လူသတ်မှု ပေါ်ပေါက်ခဲ့ကြောင်း တောင်ငူမြို့ အမှတ် (၃) နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

အမျိုးသား သေဆုံးမှုနှင့်ပတ်သက်၍  သေမှုသေခင်းဖွင့်ကာ စစ်ဆေးနေပြီး ၄၅ ရက်အကြာတွင် သေဆုံးသူ မိသားစုဝင်များက ပြန်စစ်ပေးစေလိုသဖြင့် အလောင်း ပြန်ဖော်ကာ စစ်ဆေးခဲ့ရာမှ  လူသတ်မှု ပေါ်ပေါက်ခဲ့ကြောင်း၊ လက်ရှိတွင် လူသတ်မှုနှင့်ပတ်သက်၍ သေဆုံးသူ၏ဇနီးကို ဖမ်းဆီးထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

ဦးမျိုးမင်းဦး (၄၇ နှစ်)က ဇူလိုင်လ ၅ ရက် နံနက် ၆ နာရီက အိမ်ရှေ့ ဈေးဆိုင် အဝင်ပေါက်ဝတွင် နှုတ်ခမ်းပြာနှမ်း၊ မစင်များ ထွက်ကျပြီး လည်ပင်းညိုမည်း ဒဏ်ရာအချို့ဖြင့် မှောက်လျက် သေဆုံးသည်ကို ယောက်ဖဖြစ်သူက တွေ့ရှိကြောင်း၊ ယင်း အမျိုးသား အလောင်းကို မိုးကောင်း ကျေးရွာရှိ သုသာန်တွင် သင်္ဂြိုဟ်ခဲ့ရာ သေဆုံးသူ၏မိခင်က ပြန်လည် စစ်ဆေးပေးရန် တိုင်ကြားခဲ့ကြောင်း အမှတ် (၃) နယ်မြေ ရဲစခန်းထံမှ သိရသည်။ 

ယင်းနောက် အလောင်းကို ဩဂုတ်လ၂၄ ရက်က ပြန်လည် တူးဖော်ပြီး စစ်ဆေးရာမှ လူသတ်မှု ပေါ်ပေါက်ခဲ့ကြောင်း၊ ယင်းနောက် မသင်္ကာသဖြင့် သေဆုံးသူ၏ ဇနီး မစော(ခ) ဒေါ်စောစောမြင့်ကို ခေါ်ယူစစ်ဆေးရာမှ ခင်ပွန်းကို မျက်နှာသုတ်ပဝါအုပ်ပြီး ပလတ်စတစ်ကြိုးဖြင့် လည်ပင်းညှစ်သတ်ခဲ့သည်ကို ဝန်ခံခဲ့ကြောင်း၊ လူသတ်မှုနှင့် ပတ်သက်၍ ကျူးလွန်သူကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-15