News

POST TYPE

LATEST NEWS POST

ရေကြောင်းဘတ်စ်နှင့် မြို့တွင်းယာဉ်လိုင်းခရီးစဉ်များ ချိတ်ဆက်ပြေးဆွဲရန် စီစဉ်
 
ရန်ကုန်၊ အောက်တိုဘာ ၈

ဗိုလ်တထောင်မှ အင်းစိန် ရေကြောင်း ဘတ်စ်ခရီးစဉ် စီးနင်းမည့်ခရီးသည်များ အဆင်ပြေစေရန် မြို့တွင်း ယာဉ်လိုင်းခရီးစဉ်နှင့် ချိတ်ဆက် ပြေးဆွဲနိုင်ရန် စီစဉ်လျက်ရှိကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောကြားသည်။

“တိုင်းအစိုးရအဖွဲ့နဲ့ပူးပေါင်းပြီး ဝေးတဲ့ခရီးသည်တွေ၊ သွားလာရေး ခက်ခဲတဲ့သူတွေ အဆင်ပြေအောင် အမြန်ဆုံး ဘတ်စ်ကားလိုင်းနဲ့ ချိတ်ဆက်လို့ ရအောင် စီစဉ်နေတယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့ ချိတ်ဆက် ပြေးဆွဲနိုင်ရန် ခရီးစဉ်လမ်းကြောင်းနှင့် ပြေးဆွဲမည့်ရက်ကိုမူ အတိအကျ ပြောကြားခဲ့ခြင်း မရှိပေ။

လျှပ်စစ်၊ စက်မှု၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် ဦးစီးမှုဖြင့် မြို့တွင်း ယာဉ်လိုင်းများကို ထပ်မံ ချဲ့ထွင်မည်ဖြစ်ပြီး ရေကြောင်းဘတ်စ် မှတ်တိုင်အရောက် စီးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အချိန်တိုအတွင်းမှာ ဖြစ်အောင် စီစဉ်မယ်လို့ ပြောပါတယ်။ ဒါဆိုရင်တော့ Water Bus အနေနဲ့ ပိုမိုပြီးတော့ လျင်လျင်မြန်မြန်နဲ့ ပြေးဆွဲလို့ ရသွားမှာပါ”ဟု ၎င်းက ဆိုသည်။

အောက်တိုဘာလ ၇ ရက်က ရန်ကုန်မြို့၏ ပထမဆုံး ရေကြောင်းဘတ်စ်ကို သင်္ဘောငါးစင်းဖြင့် ရန်ကုန်မြစ် (လှိုင်မြစ်) အတွင်း ဗိုလ်တထောင်မှ အင်းစိန်ခရီးစဉ်ကို ပြေးဆွဲလျက်ရှိသည်။

ရေကြောင်းဘတ်စ်နှင့် ချိတ်ဆက် ပြေးဆွဲမည့် မြို့တွင်း ယာဉ်လိုင်းအသစ် ဖော်ဆောင်ခြင်းနှင့် ပတ်သက်၍ ခရီးစဉ်လမ်းကြောင်းကို လေ့လာနေပြီး ယခုနှစ်အတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ခရီးသည်တွေ အဆင်ပြေမယ့် လမ်းကြောင်းကို စီစဉ်နေတယ်။ မကြာခင် ပြေးဆွဲပေးမှာပါ။ ယာဉ်စီးရေနဲ့ လမ်းကြောင်းကို အတိအကျ ထုတ်ပြန်ပေးမယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင်း YBS ယာဉ်လိုင်း ၉၀ ကျော်ရှိပြီး ယာဉ်စီးရေ ၄၀ဝ၀ ကျော်ဖြင့် နေ့စဉ် ခရီးသည် နှစ်သန်းကျော်ကို သယ်ယူပို့ဆောင် ပြေးဆွဲလျက်ရှိကြောင်း YRTA ထံမှ သိရသည်။

J-06