News

POST TYPE

LATEST NEWS POST

တစ်နှစ်အတွင်း တစ်ဒေါ်လာ ၁၀ဝ ကျပ်တက်
07-Oct-2017


ရန်ကုန်၊ အောက်တိုဘာ ၇

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမေရိကန် ဒေါ်လာလဲနှုန်းသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ပထမပတ်မှ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ပထမပတ်အထိ တစ်နှစ်အတွင်း တစ်ဒေါ်လာလျှင် ၁၀ဝ ကျပ် မြင့်တက်ကြောင်း ဗဟိုဘဏ်၏ ငွေလဲနှုန်း သတ်မှတ်ချက်များအရ သိရသည်။

ပြင်ပ ဒေါ်လာဈေးနှုန်းမှာမူ ယခင်နှစ်ကထက် တစ်ဒေါ်လာလျှင် ၇၅ ကျပ် မြင့်တက်ပြီး ယမန်နှစ် အောက်တိုဘာ ကာလအတွင်းက အမေရိကန်ဒေါ်လာ ဈေးသည် တစ်ဒေါ်လာလျှင် ကျပ် ၁၂၉၀ အထိ စံချိန်တင် မြင့်တက်ခဲ့ခြင်းကြောင့် ဗဟိုဘဏ်နှင့် ဘဏ်လုပ်ငန်းကျွမ်းကျင်သူများ ပူးပေါင်း၍ အဖြေရှာမှုများပင် ပြုလုပ်ခဲ့ရသော်လည်း ယခုအခါ ယခင်နှစ် စံချိန်တင် ဈေးထက် များစွာ မြင့်တက်လျက်ရှိသည်။

ထို့ကြောင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ဗဟိုဘဏ်က အမေရိကန် ဒေါ်လာဈေးများ မြင့်တက်ခြင်းနှင့်ပတ်သက်၍ ဘဏ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဘဏ်များက ဝိုင်းဝန်း အဖြေရှာရန်နှင့် ငွေရေးကြေးရေး လုပ်ငန်းရှင်များ ဒေါ်လာဈေး ဝင်မကစားရန် သတိပေးမှုများ ပြုလုပ်ခဲ့သည်။

ထို့ပြင် ယင်းကာလအတွင်း အမေရိကန် ဒေါ်လာဈေးကွက်မှာ အလှုပ်ခတ်ဆုံးဖြစ်ပြီး အကြောင်း အမျိုးမျိုးကြောင့် မြန်မာ့ကျပ်ငွေ ဈေးနှုန်းမှာ ကျဆင်း၍ ဒေါ်လာဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့သည်။

လက်ရှိ ငွေကြေး ဈေးကွက်အတွင်း အမေရိကန် ဒေါ်လာဈေးနှုန်းသည် တစ်ဒေါ်လာလျှင် ၁ ကျပ်မှ ၅ ကျပ်ဝန်းကျင်ခန့် အတက်အကျသာ ဖြစ်ပေါ်၍ အရောင်းအဝယ် ပုံမှန် ဖြစ်ပေါ်လျက်ရှိပြီး ခရီးသွား ရာသီဖြစ်သည့်အတွက် အရောင်းအဝယ် ကောင်းမွန်ကာ ဈေးနှုန်း လှုပ်ခတ်လာနိုင်ကြောင်း ငွေကြေးဈေးကွက် ကျွမ်းကျင်သူများက ဆိုသည်။

ဒေါ်လာဈေးကွက်အတွင်း ထူးခြားမှု တစ်ခုအနေနှင့် ယခင်နှစ်များက ဗဟိုဘဏ် သတ်မှတ်ဈေးသည် ပြင်ပဒေါ်လာ ဈေးအောက် လျော့ကျသတ်မှတ်လေ့ ရှိသော်လည်း လက်ရှိ ဗဟိုဘဏ် ဒေါ်လာဈေးက ပြင်ပ ဒေါ်လာဈေးထက် တစ်ဒေါ်လာလျှင် ၁၀ ကျပ် ပိုမို များပြားလျက်ရှိသည်။

အမေရိကန် ဒေါ်လာဈေးနှုန်းများသည် ယခင်နှစ်က ဗဟိုဘဏ်ဈေးနှုန်းသည် တစ်ဒေါ်လာလျှင် ၁၂၆၀ ကျပ်မှ ယခုအခါ ၁၃၆၀ သို့လည်းကောင်း၊ ပြင်ပ ဒေါ်လာဈေးနှုန်းသည် ယခင်နှစ်က တစ်ဒေါ်လာလျှင် ၁၂၇၅ ကျပ်မှ ယခုအခါ ၁၃၅၀ သို့လည်းကောင်း မြင့်တက်လျက်ရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

S-04

  • VIA