News

POST TYPE

LATEST NEWS POST

Yangon Water Bus အောက်တိုဘာ ၇ ရက်တွင် အခမဲ့ ပြေးဆွဲမည်
05-Oct-2017 tagged as ရန်ကုန် Water Bus


ရန်ကုန်၊ အောက်တိုဘာ ၅

မြန်မာနိုင်ငံ၏ ပထမဆုံး ရန်ကုန် မြစ်တွင်း ခရီးသည်ပို့ဆောင်ရေး Yangon Water Bus ကို အောက်တိုဘာလ ၇ ရက်တွင် အခမဲ့ ပြေးဆွဲမည်ဖြစ်ကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီထံမှ သိရသည်။

အောက်တိုဘာလ ၇ ရက်တွင် Water Bus ကို ပြည်တွင်း၊ ပြည်ပသင်္ဘောများဖြင့် စတင် ပြေးဆွဲမည်ဖြစ်ရာ ယင်းနေ့တွင် တစ်ရက်တာ အခမဲ့ ပြေးဆွဲမည်ဖြစ်ကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီထံမှ သိရသည်။

“ဖွင့်ပွဲနေ့ကတော့ လေးစီးလောက်နဲ့ ခဏပဲ ပြေးဆွဲမှာ။ ၇ ရက်နေ့ကျရင်တော့ တစ်ရက်လုံး အခမဲ့ ပြေးဆွဲပေးမယ်။ အသွားအပြန် ရှစ်ခေါက် ပြေးပေးမယ်”ဟု တင့်တင့်မြန်မာ ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။

Yangon Water Bus အောက်တိုဘာလ ၆ ရက် နံနက် ၉ နာရီ ဗိုလ်တထောင် ဆိပ်ကမ်းတွင် ဖွင့်ပွဲပြုလုပ်မည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းအစိုးရ၊ လွှတ်တော်ကိုယ်စာလှယ်၊ တပ်မတော်၊ ရဲတပ်ဖွဲ့ဆိုင်ရာ အဖွဲ့အစည်းများ တက်ရောက်မည်။

ပြည်တွင်း၌ တည်ဆောက်ထားသည့် သင်္ဘော ခုနစ်စင်းသည် လုပ်ငန်းလိုင်စင် ရရှိထားပြီး ပြည်ပက ဝယ်ယူထားသည့် ခြောက်စင်းအနက် ရောက်ရှိနေသော နှစ်စင်းကို အောက်တိုဘာလ ၇ ရက်တွင် ထည့်သွင်း ပြေးဆွဲနိုင်ရန် လိုင်စင်ရရှိရေး အမြန် ဆောင်ရွက်နေကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

Yangon Water Bus ၏လက်မှတ်ခသည် ခရီးစဉ်အလိုက် သတ်မှတ်ထားပြီး ခရီးစဉ် တစ်ပိုင်းလျှင် ကျပ် ၃၀ဝ၊ ဂိတ်စဂိတ်ဆုံးကျပ် ၅၀ဝ ကောက်ခံမည်ဖြစ်ကြောင်း၊ Anypay ငွေပေးချေကတ်ဖြင့် စီးနင်းရမည်ဖြစ်ကြောင်း တင့်တင့် မြန်မာ ကုမ္ပဏီထံမှ သိရသည်။

Yangon Water Bus ကို ပထမ အဆင့်အနေနှင့် အင်းစိန်-ဗိုလ်တထောင် ခရီးစဉ်ကို စတင်ပြေးဆွဲရန် လျာထားပြီး ခရီးစဉ်လမ်းကြောင်းမှတ်တိုင်များမှာ အင်းစိန်ကြိုးတံတားအနီး၊ ဘုရင့်နောင် တံတား၊ FMI အိမ်ရာ၊ လှိုင်ဘူတာရုံလမ်း၊ ကြည့်မြင်တိုင် (ဈေးကြီးတံတား)၊ လသာ (လမ်းသစ်တံတား)၊ ပန်းဆိုးတန်း (နန်းသီတာ)၊ ဗိုလ်တထောင် (တံတားအမှတ် ၄) နေရာများ ဖြစ်သည်။

J-06