News

POST TYPE

LATEST NEWS POST

Water Bus အောက်တိုဘာလအတွင်း ပြေးဆွဲမည်
27-Sep-2017 tagged as Water Bus


ရန်ကုန်၊ စက်တင်ဘာ ၂၆

ရန်ကုန်မြစ်အတွင်း Water Bus ကို ပြည်တွင်း၊ ပြည်ပ ရေယာဉ်များဖြင့် အောက်တိုဘာလအတွင်း စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

“အောက်တိုဘာလအတွင်း စပြေးနိုင်ပါတယ်။ အဓိက ကုမ္ပဏီဘက်က သင်္ဘောတွေပြီးဖို့ပဲ။ ပြည်ပက သင်္ဘောဆိုရင် DNA စစ်ပြီးတာနဲ့ လုပ်ငန်းစဉ်တွေ ဆက်လုပ်ဖို့ မြန်သွားပြီ”ဟု ၎င်းက ဆိုသည်။

ပြည်ပမှ ဝယ်ယူထားသည့် သင်္ဘော ခြောက်စင်းတွင် နှစ်စင်း ရောက်ရှိနေပြီး ကျန်လေးစင်းမှာ ယခုတစ်ပတ်အတွင်း ထပ်မံ ရောက်ရှိမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ရောက်ပြီးသား နှစ်စင်းကလည်း စစ်ဆေးမှု မဆောင်ရွက်ရသေးဘူးဆိုတာ မှန်ပါတယ်။ သို့သော် ဒါက မကြာပါဘူး။ နောက်လေးစင်း ရောက်တာနဲ့ တစ်ပြိုင်တည်း လုပ်လို့ရပါတယ်”ဟု ၎င်းက ဆိုသည်။

ပြည်တွင်း တည်ဆောက်ထားသည့် သင်္ဘောခုနစ်စင်းသည် လုပ်ငန်းလိုင်စင် ရရှိထားပြီး သင်္ဘောတစ်စင်းလျှင် ခရီးသည် ၁၅၀ တင်ဆောင်မည်ဟု သတ်မှတ်ထားသော်လည်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ခွင့်ပြုချက်အရ လူဦးရေ အတိအကျ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်း၌ တည်ဆောက်ထားသည့် Water Bus သည် တစ်စင်းလျှင် ခရီးသည် ၁၅၀ ဦး တင်ဆောင်နိုင်မည်ဟု အဆိုပြု တင်ပြထားသော်လည်း စက်တင်ဘာလ ၁၀ ရက်က တွံတေးတူးမြောင်းအတွင်း စမ်းသပ်မောင်းနှင် စစ်ဆေးမှုအရ ခရီးသည် ၁၀ဝ ခန့်သာ တင်ဆောင်နိုင်ကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (အင်ဂျင်နီယာဌာနခွဲ) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

Water Bus ၏ လက်မှတ်ခသည် ခရီးစဉ်အလိုက် သတ်မှတ်ထားပြီး ခရီးစဉ်တစ်ပိုင်းလျှင် ကျပ် ၃၀ဝ၊ ဂိတ်စ ဂိတ်ဆုံး ကျပ် ၅၀ဝ ကောက်ခံမည်ဖြစ်ကြောင်း၊ ငွေပေးချေကတ်ဖြင့် စီးနင်းရမည်ဖြစ်ကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီထံမှ သိရသည်။

Yangon Water Bus ကို ပထမအဆင့်အနေဖြင့် လှိုင်သာယာ-အင်းစိန်-ဗိုလ်တထောင် ခရီးစဉ်ကို စတင်ပြေးဆွဲရန် လျာထားပြီး ခရီးစဉ်လမ်းကြောင်းမှတ်တိုင်များမှာ အင်းစိန်ကြိုးတံတားအနီး၊ ဘုရင့်နောင်တံတား၊ FMI အိမ်ရာ၊ လှိုင် ဘူတာရုံလမ်း၊ ကြည့်မြင်တိုင် (ဈေးကြီးတံတား)၊ လသာ (လမ်းသစ်တံတား)၊ ပန်းဆိုးတန်း (နန်းသီတာ)၊ ဗိုလ်တထောင် (တံတားအမှတ် ၄ ) နေရာများ ဖြစ်သည်။

ရေကြောင်းတက္ကစီကို ၂၀၁၇ ခုနှစ် မေလတွင် စတင်ပြေးဆွဲမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားခဲ့သော်လည်း ယနေ့အထိ ပြေးဆွဲနိုင်ခြင်း မရှိပေ။

J-06