News

POST TYPE

LATEST NEWS POST

နိုင်ငံတကာ သံတမန်များကို မောင်တောဒေသ လေ့လာခွင့်ပြုရန်စီစဉ်၊ အသတ်ခံရသော ဟိန္ဒူဘာသာဝင်များကိစ္စ သံတမန်များသိအောင် ချပြမည်
26-Sep-2017


ရန်ကုန်၊ စက်တင်ဘာ ၂၆

ARSA အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် ဟိန္ဒူဘာသာဝင်များ၏ သတင်းများအပြင် မောင်တောဒေသ အခြေအနေများကို သိရှိနိုင်ရန် သံတမန်များနှင့် ပြည်တွင်း ပြည်ပ မီဒီယာများကို ဖိတ်ခေါ်ကာ လေ့လာခွင့်ပြုရန် စီစဉ်နေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

“သံတမန်တွေခေါ်ဖို့က ကျွန်တော်တို့ ဟိုတစ်ခါ အတိုင်ပင်ခံနဲ့ အကောင်အထည်ဖော်ရေး ကော်မတီ တွေ့တဲ့ အစည်းအဝေး လမ်းညွှန်ချက်ပါ သံတမန်တွေကို လာမည့် သီတင်းပတ်အတွင်း ပို့ဆောင်ပေးဖို့ ပြောထားတာရှိတယ်။ အဲ့ဒါကို ကျွန်တော်တို့ လုပ်နေတယ်”ဟု ၎င်းက ပြောသည်။

စက်တင်ဘာလ ၂၆ ရက်အထိ ဟိန္ဒူကျေးရွာနှစ်ရွာမှ ရွာသား ၄၅ ယောက်၏ ရုပ်အလောင်းများ အစုလိုက် နေရာခွဲ မြှုပ်နှံထားသည်ကို လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဟိန္ဒူဘာသာဝင်များက တူးဖော် ရရှိထားပြီး ယင်းသို့သော ကိစ္စများကို သံတမန်များ သိအောင် ချပြသွားမည်ဟု ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ လူကယ်ပြန်ဝန်ကြီး ဦးဝင်းမြတ်အေးက ပြောသည်။

“သံတမန်တွေက ဒီရက်ပိုင်းအတွင်းကို ကွင်းဆင်းသွားမှာပါ။ လက်ရှိမှာ ဆက်ပြီး တူးနေတာဆိုတော့ မီးသဂြိုလ်မှု မပြုလုပ်သေးဘူး။ သံတမန်တွေကလည်း ဒီမြင်ကွင်းကို မြင်ကြမှာပါ”ဟု ၎င်းက ဆိုသည်။

သံတမန်များနှင့် မီဒီယာများကို မောင်တောသို့ ပို့ဆောင်ရန် စီစဉ်နေခြင်းသည် စက်တင်ဘာ ၂၂ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေး ကော်မတီတို့ တွေ့ဆုံရာတွင် အတိုင်ပင်ခံ၏ အစည်းအဝေး လမ်းညွှန်ချက်ကို အကောင်ထည်ဖော်ခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

ယင်းသို့ သံတမန်များနှင့် မီဒီယာများကို မောင်တောသို့ ရဟတ်ယာဉ်များဖြင့် ပို့ဆောင်သွားရန် စီစဉ်နေပြီး ပြည်တွင်း ပြည်ပ မီဒီယာ အားလုံး ပါဝင်နိုင်ရန် လက်ရှိတွင် မဖြစ်နိုင်သေးကြောင်း၊ တာဝန်ရှိသူများ စီစဉ် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

ဩဂုတ်လ ၂၅ ရက်က အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ဘူးသီးတောင်မြို့နယ် ခမောင်းဆိပ်ကျေးရွာအုပ်စု ရဲဖော်ကျကျေးရွာနှင့် ခမောင်းဆိပ်တောင်ရွာတွင် နေထိုင်သော ဟိန္ဒူဘာသာဝင် ၁၀၂ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံဟိန္ဒူဘာသာဝင်များက ပြောဆိုထားပြီး အစိုးရကလည်း အလောင်းများကို တူးဖော်ရှာဖွေလျက်ရှိသည်။

ယင်းသို့တူးဖော်ရရှိခဲ့သည့် ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများကို မောင်တောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့် ဆေးစစ်ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဟိန္ဒူဘာသာဝင်များ၏ ဓလေ့ထုံးတမ်းစဉ်လာများအတိုင်း သဂြိုလ်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက သတင်း ထုတ်ပြန်ထားသည်။

အလောင်းများ တွေ့ရှိရာနေရာသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ အမျိုးသား လူ့အခွင့်အရေး ကော်မတီဝင်များ၊ တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးနှင့် တပ်မတော် အရာရှိကြီးများက သွားရောက် စစ်ဆေးကြည့်ရှုခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဟိန္ဒူ ဘာသာဝင်များ ပူးပေါင်း၍ ကျန်ရှိ ဟိန္ဒူဘာသာဝင်များ ရှာဖွေတွေ့ရှိရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

J-09

  • VIA