POST TYPE

LATEST NEWS POST

သတ္တု၊ ဆီအုန်း၊ ရေနံချက်စက်ရုံ အပါအဝင် လုပ်ငန်းလေးခုကို တနင်္သာရီအစိုးရ ယာယီရပ်နား
ထားဝယ်၊ စက်တင်ဘာ ၂၆

တနင်္သာရီတိုင်းအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)က ခွင့်ပြုထားသည့် သတ္တု၊ ဆီအုန်းနှင့် ရေနံချက်စက်ရုံ အပါအဝင် လုပ်ငန်း ၄ ခုကို လက်ရှိအစိုးရလက်ထက်တွင် ယာယီ ရပ်နားခိုင်းထားကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။

ယခင်အစိုးရလက်ထက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများအနက် ထားဝယ်မြို့နယ်အတွင်းရှိ ပွန်ပီပက်ကုမ္ပဏီ၏ သတ္တုတွင်းလုပ်ငန်းကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို မလိုက်နာခြင်းကြောင့် ယာယီ ရပ်နားခိုင်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောကြားသည်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ် ထီးခီးဒေသရှိ ယင်းကုမ္ပဏီ၏ ဟိုတယ် ဝန်ဆောင်မှု လုပ်ငန်းကိုလည်း နယ်စပ်မျဉ်းနှင့် နီးကပ်လွန်းခြင်းကြောင့် ရပ်နားခိုင်းထားကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လအတွင်း MIC က ခွင့်ပြုပေးခဲ့သည့် လောင်းလုံးမြို့နယ်အတွင်းရှိ Longwin Global Petrochemical Co., Ltd. ၏ ရေနံချက်စက်ရုံလုပ်ငန်းမှာ ဒေသခံပြည်သူများက လက်မခံခြင်းကြောင့် ရပ်နားခိုင်းထားသည်။

၎င်းအပြင် တနင်္သာရီမြို့နယ်အတွင်းရှိ Srisuban Myanmar ကုမ္ပဏီ၏ ဆီအုန်းခြံလုပ်ငန်းမှာ ဒေသခံတိုင်းရင်းသားများနှင့် မြေယာပြဿနာ မရှင်းလင်းသေးခြင်း အစရှိသည့် အကြောင်းများကြောင့်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ယာယီလား အမြဲတမ်းလားဆိုတာ သူတို့အပေါ် မူတည်ပါတယ်၊ လက်ရှိကတော့ သူတို့ရဲ့ ဆောင်ရွက်ချက်ပေါ့၊ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ထားတာကို ဘယ်လောက်အထိ လိုက်နာလဲ၊ ဘယ်လို ဆောင်ရွက်လဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်”ဟု ဦးဖြိုးဝင်းထွန်းက ဆိုသည်။

ပြည်သူလူထု လက်မခံသည့် မည်သည့်စီမံကိန်းမဆို လက်မခံဘဲ ပြည်သူရှေ့က  မားမားမတ်မတ် ရပ်တည်ပြီး ကာကွယ်ပေးသွားမည်ဟု တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မေလ ၁၂ ရက်နေ့က လောင်းလုံးမြို့ ဗထူးခန်းမ၌ တိုင်းအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေး ပါတီများနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ဖူးသည်။

“နိုင်ငံအကျိုးစီးပွား၊ လူထုအကျိုးစီးပွားကို ထိခိုက်မယ်ဆိုရင် ခွင့်ပြုထားတာ ပြန်ရုပ်သိမ်းပိုင်ခွင့် ရှိတယ်၏”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာ ထွန်းထွန်းက ပြောသည်။

လက်ရှိအချိန်တွင် ငွေကျပ်သန်း ခြောက်ထောင် (သို့မဟုတ်) အမေရိကန် ဒေါ်လာ ၅ သန်းအထိ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများကို ခွင့်ပြုပေးနိုင်သည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ (RIC) ကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းထားသည်။

ယင်းငွေပမာဏထက် ကျော်လွန်ပြီး ရင်းနှီးမြှုပ်နှံမည်ဆိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံ လျှောက်ထားရသည်။

၂၀၁၇ ခုနှစ် ဩဂုတ်လအထိ စာရင်းများအရ တနင်္သာရီတိုင်းအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားသည့်လုပ်ငန်း ၃၈ ခုမှ ရင်းနှီးမြှုပ်နှံမှုငွေပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း နှစ်ထောင်ကျော်ရှိကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

Dawei Watch