News

POST TYPE

LATEST NEWS POST

ဂျပန်အောက်လွှတ်တော်ကို ဖျက်သိမ်းကာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဟု ရှင်ဇိုအာဘေးကြေညာ
26-Sep-2017 tagged as ဂျပန်


တိုကျို၊ စက်တင်ဘာ ၂၅

ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်ကို ဖျက်သိမ်းမည်ဖြစ်ပြီး မကြာမီ ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ် ကျင်းပပြုလုပ်မည်ဖြစ်သည်ဟု ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထုတ်ပြန် ကြေညာလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဝန်ကြီးချုပ် အာဘေးက “စက်တင်ဘာလ ၂၈ ရက် (ကြာသပတေးနေ့)မှာ အောက်လွှတ်တော်ကို ကျွန်တော် ဖျက်သိမ်းမှာပါ”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
 
ရှင်ဇိုအာဘေးသည် ဂျပန်နိုင်ငံတွင်း ကြုံတွေ့နေရသော အမျိုးသားရေးဆိုင်ရာ အကျပ်အတည်းများအတွက် လုပ်ပိုင်ခွင့်ရရှိရန် ကြိုးပမ်းသည့်အနေနှင့် ယခုကဲ့သို့ ကြားဖြတ်ရွေးကောက်ပွဲခေါ်ယူရန် စီစဉ်ခြင်းဖြစ်သည်။ 

ဝန်ကြီးချုပ် အာဘေးဦးဆောင်သော အစိုးရအနေနှင့် အနာဂတ်၌ အခွန်ကောက်ခံမှု မြှင့်တင်မည့် အစီအစဉ်မှ ဘဏ္ဍာငွေအချို့ကို ပညာရေး၊ ကျန်းမာရေး စသည့် လူမှုအသုံးစရိတ် ကိစ္စများဘက်သို့ လွှဲပြောင်းရန် လိုအပ်သလို ယင်းအစိုးရသည် မြောက်ကိုရီးယား၏ အဆက်မပြတ် ရန်စ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ ပြတ်သားစွာ ရပ်တည်နိုင်ရေးအတွက် လူထုထောက်ခံမှု ရရှိရန် ကြိုးပမ်းလျက် ရှိသည်။

ဂျပန်တွင် ဝန်ကြီးချုပ်ရှင် ဇိုအာဘေးအပေါ် ထောက်ခံမှုမှာ ဇူလိုင်လအတွင်းက ၃၀ ရာခိုင်နှုန်းမျှသာ ရှိခဲ့သော်လည်း မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုနှင့် နျူကလီးယား စမ်းသပ်မှုများထွက် ပေါ်လာပြီးနောက် ၅၀ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့သည်။ 

ရှင်ဇိုအာဘေး၏ အာဏာရနိုင်ငံရေးပါတီ LDP ပါတီသည် ဂျပန်နိုင်ငံအနေနှင့် စစ်ရေးအခန်းကဏ္ဍနှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားသော ရပ်တည်ချက် ထားရှိနိုင်ရေးအတွက် ဒုတိယကမ္ဘာစစ်လွန်ကာလ ဂျပန်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းလျက်ရှိသည်။ 

ဖက်ဆစ်အုပ်ချုပ်ရေး ကာလအလွန် ယင်းအခြေခံဥပဒေ ပြင်ဆင်ရေးမှာ LDP ပါတီ၏ ပင်မ ရည်ရွယ်ချက်တစ်ခုလည်း ဖြစ်သည်။

Nikkei Business Daily က လတ်တလော ပြုလုပ်သော လူထုဆန္ဒ စစ်တမ်းအရ ဂျပန်မဲဆန္ဒရှင် ၄၄ ရာခိုင်နှုန်းသည် ရှင်ဇိုအာဘေး၏ LDP ပါတီကို မဲပေးရန် ပြင်ဆင်ထားပြီး ၈ ရာခိုင်နှုန်းက  အတိုက်အခံ ဒီမိုကရက်ပါတီကို မဲပေးကြမည်ဖြစ်သည်။ 

အခြား ၈ ရာခိုင်နှုန်းကမူ တိုကျို မြို့တော်ဝန် ယူရီကိုကိုကီ မကြာမီက ထူထောင်လိုက်သည့် နိုင်ငံရေးပါတီကို ထောက်ခံမဲပေးကြမည်ဟု ဆိုသည်။ 

ဂျပန်နိုင်ငံတွင် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများ ထွက်ပေါ်လာပြီးနောက် ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ ပုံရိပ်မှာ ပိုမို ကြီးမားလာမြင့်တက်လာသည်။ 

ဝေဖန်သုံးသပ်သူ အချို့ကမူ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မြောက်ကိုရီးယားနှင့် ဂျပန်အကြား ပထဝီနိုင်ငံရေး တင်းမာမှု မြင့်တက်နေချိန်တွင် ပြည်တွင်း နိုင်ငံရေး ကမောက်ကမ ဖြစ်မည့်ကိစ္စကို ဖန်တီးလျက်ရှိသည်ဟု ဆိုကြသည်။ 

F-01