News

POST TYPE

LATEST NEWS POST

မြို့သာစက်မှုဥယျာဉ်မြို့တော် စီမံကိန်းဂေါက်ကွင်းကို ဒီဇင်ဘာတွင်ဖွင့်မည်
26-Sep-2017 tagged as မန္တလေး


မန္တလေး၊ စက်တင်ဘာ ၂၅

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်အတွင်း တည်ဆောက်နေသော မန္တလေး မြို့သာ စက်မှုဥယျာဉ်မြို့တော်စီမံကိန်းအတွင်းရှိ ဧက ၃၈၀ ရှိသည့် နိုင်ငံတကာ အဆင့်မီ ဂေါက်ကွင်းကို ဒီဇင်ဘာလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းစီမံကိန်းထံမှ သိရသည်။

အဆိုပါဂေါက်ကွင်းသည် ကျင်းပေါင်း ၁၈ ကျင်းရှိမည့် နိုင်ငံတကာ အဆင့်မီ ဂေါဖ့်ကွင်းဖြစ်ကာ သဘာဝလျှိုမြောင်များကို မွမ်းမံ တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာမှ ကစားသမားများ လာရောက် ကစားနိုင်ရန် ဆောင်ရွက်ထားသည့်အပြင် အာရှနိုင်ငံများရှိ အကောင်းဆုံး ဂေါက်ကွင်းများ စာရင်းတွင် ပါဝင်အောင် စီမံထားကြောင်း မန္တလေးမြို့သာ စက်မှုဥယျာဉ်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် (MMID) ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က ပြောကြားသည်။

“ဒီဂေါက်ကွင်းကို အကောင်အထည်ဖော်နေတာ တော်တော်များများ ပြီးနေပြီ။ ဒီဇင်ဘာမတိုင်ခင်မှာ လုပ်ငန်းပြီးမယ်ဆိုတော့ ဒီဇင်ဘာလထဲမှာဖွင့်ဖို့ ရှိတယ်။ နောက်နှစ် ဧပြီလထဲမှာ ဂေါက်ပြိုင်ပွဲတစ်ခု ကျင်းပဖို့လည်း ရှိပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ဂေါက်ကွင်းကို အကောင်အထည်ဖော် တည်ဆောက်ရခြင်းမှာ မြန်မာနိုင်ငံတွင် နိုင်ငံတကာ အဆင့်မီ ဂေါက်ကွင်းများရှိကြောင်း နိုင်ငံတကာမှ ဂေါက်သီးရိုက် အားကစားသမား သိရှိနိုင်စေရန်နှင့် ဂေါက်သီးရိုက် အားကစားသမားများမှတစ်ဆင့် နိုင်ငံတကာ ခရီးသွားကို ဆွဲဆောင်နိုင်ရန် MMID က ရည်ရွယ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ထိုင်းနိုင်ငံကိုသွားပြီး လေ့လာတဲ့အခါမှာ ဂေါက်ကစားတဲ့ ကိုရီးယားလူမျိုးတင် တစ်နှစ်ကို ခြောက်သိန်းလောက် ဝင်တယ်လို့ သိရတယ်။ ကိုယ့်နိုင်ငံမှာ ဒီလိုဂေါက်ကွင်းမျိုး ရှိလာပြီဆိုရင် ကိုယ်တွေနိုင်ငံဘက်ကိုလည်း ဝင်လာမယ်ဆိုရင် ခရီးသွားကဏ္ဍအတွက် အလားအလာ ကောင်းမယ်”ဟု ဦးအောင် ဝင်းခိုင်က ထပ်လောင်း ပြောဆိုသည်။

မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းကို မန္တလေးတိုင်းအစိုးရအဖွဲ့နှင့် အများပိုင် ကုမ္ပဏီများ အကျိုးတူ ပူးပေါင်းကာ ၂၀၁၄ ခုနှစ်ကစ၍ ဆောင်ရွက်နေခြင်းဖြစ်ရာ လက်ရှိတွင် စီမံကိန်းတစ်ခုလုံး၏ ၂၁ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း စီမံကိန်းမှတ်တမ်းများအရ သိရသည်။

M-04