News

POST TYPE

LATEST NEWS POST

Myanmar Solamoda အထည်ချုပ်စက်ရုံ အလုပ်ရှင်နှင့်အလုပ်သမား အပြန်အလှန် အမှုဖွင့်
ရန်ကုန်၊ စက်တင်ဘာ ၂၅

လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်ရှိ Myanmar Solamoda အထည်ချုပ်စက်ရုံမှ အလုပ်ရှင်နှင့် အလုပ်သမား အပြန်အလှန် အမှုဖွင့်တိုင်ကြားထားကြောင်း အဆိုပါစက်ရုံ အလုပ်သမားများထံမှ သိရသည်။

အဆိုပါ စက်ရုံမှ အလုပ်သမား ၅၀ဝ သည် လုပ်ခလစာ နည်းပါးမှုကြောင့် လုပ်ငန်းခွင် မဝင်ဘဲ စက်တင်ဘာလ ၁၈ ရက်မှစ၍ ဆန္ဒထုတ်ဖော်ခဲ့ရာ စက်တင်ဘာလ ၂၀ ရက်က စက်ရုံမှအထည်ပို့ ယာဉ်ထွက်ခွာချိန်တွင် တားဆီး ပိတ်ဆို့မှုကြောင့် စက်ရုံ လုံခြုံရေးများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသဖြင့် အလုပ်သမားများဘက်က အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှဆက်လက် သိရသည်။

“သူတို့ ခေါ်ထားတဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ ကျွန်မတို့တွေနဲ့ ပြဿနာ တက်ကြတယ်။ အမျိုးသမီး ငါးယောက်လောက် ထိခိုက်ဒဏ်ရာတွေ ရတယ်။ ဆောင့်ဆွဲတယ်၊ ဆဲတာတွေအပြင် ကိုယ်ထိလက်ရောက်လည်း လုပ်တယ်။ အဲဒါကြောင့် အမှုဖွင့်တာပါ”ဟု ဆန္ဒပြအလုပ်သမား မထားထားရီက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စက်ရုံ အလုပ်သမား မသီသီလွင်က စက်တင်ဘာလ ၂၁ ရက်က လှိုင်သာယာမြို့မ ရဲစခန်းတွင်  (ပ)၃၆၂၄/ ၂၀၁၇ ၊ရာဇသတ်ကြီး ပုဒ်မ ၃၅၄ ၊ ၂၉၄၊ ၃၂၃၊ ၁၁၄ ဖြင့် စက်ရုံပိုင်ရှင်နှင့် မန်နေဂျာ အပါအဝင် လုံခြုံရေးဝန်ထမ်း ငါးဦးကို အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အလားတူ အဆိုပါ စက်ရုံမန်နေဂျာ ဦးညီညီနိုင်က မသန်းသန်းအေး၊ မနန္ဒာမျိုး၊ မသီသီလွင်၊ မစုမွန်ကျော်နှင့် အပေါင်းအပါများကို စက်ရုံရှေ့ အထည်ပို့ယာဉ် ထွက်ခွာ၍မရအောင် တားဆီးခဲ့သဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၄၁ ဖြင့် အရေးယူပေးရန် စက်တင်ဘာလ ၂၀ ရက်က လာရောက် တိုင်ကြားထားခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ် မြို့မရဲစခန်းမှ တာဝန်ရှိသူက အတည်ပြု ပြောကြားသည်။

အမှုဖွင့် တိုင်ကြားထားခြင်းနှင့် ပတ်သက်၍ စက်ရုံ၏ဖုန်း ဝ၉-၂၅၃၁၂၀ဝ၇၉ သို့  အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

ထို့သို့ ဆန္ဒမထုတ်ဖော်မီ စက်ရုံအတွင်း တာဝန်ရှိသူများနှင့် ညှိနှိုင်းမှု ငါးကြိမ် ပြုလုပ်ခဲ့သော်လည်း ပြေလည်မှု မရသည့်အတွက် စက်တင်ဘာလ ၁၈ ရက်မှစ၍ ခေါင်းစည်းအနီများ ဝတ်ဆင်ကာ လုပ်ငန်းခွင်မဝင်ဘဲ စက်ရုံရှေ့တွင် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဆန္ဒပြလုပ်သားများထံမှ သိရသည်။

Myanmar Solamoda အထည်ချုပ်စက်ရုံအတွင်း အလုပ်သမား ၉၀ဝ ခန့်ရှိပြီး အလုပ်သမား ၅၀ဝ ခန့်မှာ လုပ်ခလစာများ နည်းပါးမှုကြောင့် စက်တင်ဘာလ ၂၅ ရက်အထိ ဆန္ဒဖော်ထုတ်လျက်ရှိသည်။

J-18