News

POST TYPE

LATEST NEWS POST

ရခိုင်အရေး အာဆီယံ ကြေညာချက် မလေးရှား သဘောမတူ
ကွာလာလမ်ပူ၊ စက်တင်ဘာ ၂၅

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ၏ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ ယင်းကြေညာချက်ကို သဘောမတူသောကြောင့် ပါဝင်ခြင်း မရှိကြောင်း မလေးရှားနိုင်ငံက ထုတ်ပြန်ခဲ့ကြောင်း CNA သတင်းဌာနက ဖော်ပြသည်။

စက်တင်ဘာလ ၂၄ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်တွင် ကျင်းပနေသည့် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် တစ်ဆက်တစ်စပ်တည်း ထုတ်ပြန်သည့် အာဆီယံဥက္ကဋ္ဌ၏ ကြေညာချက်တွင် “မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မကြာသေးမီက ဖြစ်ပျက်မှုများအပေါ်” အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ပူပန်မိကြောင်း ဖော်ပြထားသည်။

သြဂုတ်လ ၂၅ ရက်နေ့က မြန်မာ့လုံခြုံရေးတပ်ဖွဲ့များ တိုက်ခိုက်ခံခဲ့ရမှုအပေါ် ရှုတ်ချထားသလို အရပ်သားများ၏ အသက်၊ အိုးအိမ်ဆုံးရှုံးမှုများ၊ လူအမြောက်အများ စွန့်ခွာထွက်ပြေးရမှုများ ဖြစ်ပေါ်စေသည့် အကြမ်းဖက်မှု အားလုံးကိုလည်း ရှုတ်ချကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး အနီဖာရ် အာမန်က သီးခြားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အာဆီယံ ကြေညာချက်သည် “အခြေအနေမှန်ကို လွဲမှားဖွင့်ဆိုထားသည်” ဟု ဝေဖန်ခဲ့သည်။

ကြေညာချက်တွင် သက်ရောက်ခံစားရသော အသိုင်းအဝိုင်းတစ်ခုဖြစ်သည့် ရိုဟင်ဂျာ (ဘင်္ဂါလီတို့အပေါ် မလေးရှား၏ အသုံးအနှုန်း) တို့ကို ချန်လှပ်ထားသည်ဟု ဝန်ကြီးက ဝေဖန်ခဲ့သည်။

အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်သည် ဘုံသဘောတူညီချက်အပေါ် အခြေခံဟုလည်း မလေးဝန်ကြီးက သုံးသပ်ခဲ့သည်။ သို့သော်လည်း ယခုအာဆီယံဥက္ကဋ္ဌ၏ ကြေညာချက်အပေါ် မလေးရှားမှတစ်ပါး ကျန်အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူညီသည်ဟု Channel News Asia သတင်းဌာန၏ ဖော်ပြထားသည်။

အာဆီယံ ကြေညာချက်တွင် ရခိုင်အခြေအနေသည် “နက်ရှိုင်းသော သမိုင်းဇာစ်မြစ်များ ရှိသည့် ရှုပ်ထွေးသော ပြည်တွင်းအသိုင်းအဝိုင်းကိစ္စ ဖြစ်ပြီး”၊ မြေပြင်အခြေအနေကို ပိုမိုဆိုးရွားစေနိုင်သော လုပ်ရပ်များ ရှောင်လွှဲကြရန် သက်ဆိုင်သူ အားလုံးကို တိုက်တွန်းထားသည်။

အရပ်သားများ ဘေးကင်းရေး မြန်မာအာဏာပိုင်များ၏ ကတိကဝတ်ကို ကြိုဆိုကြောင်း၊ ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများ အဆုံးသတ်စေရေး ချက်ချင်းအရေးယူ ဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ ပုံမှန်လူမှုစီးပွားအခြေအနေများ ပြန်လည်ဖော်ဆောင်ရန်နှင့် ဒုက္ခသည် ပြဿနာကို စိစစ်ရေး လုပ်ငန်းစဉ်ဖြင့် ကိုင်တွယ်ဖြေရှင်းရန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက တိုက်တွန်းကြောင်း ကြေညာချက်တွင် ပါရှိသည်။

(Photo - စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ)