News

POST TYPE

LATEST NEWS POST

အောက်တိုဘာမှစ၍ ယာဉ်မောင်းလိုင်စင် ဖြေဆိုရန် အွန်လိုင်းမှ စာရင်းသွင်းရမည်
25-Sep-2017 tagged as

ရန်ကုန်၊ စက်တင်ဘာ ၂၅

ယာဉ်မောင်းလိုင်စင် လာရောက်ဖြေဆိုသူ အရေအတွက် များပြားနေခြင်းကြောင့် အောက်တိုဘာလမှစ၍ အွန်လိုင်းမှ စာရင်းသွင်းကာ ဖြေဆိုရမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

မြင်သာ (က.ည.န) ရုံးတွင် ယာဉ်မောင်းလိုင်စင် စာတွေ့ဖြေဆိုသူ တစ်ရက်လျှင် ၃၀ဝ ဦးသာ စစ်ဆေးပေးနိုင်သော်လည်း လက်ရှိ တစ်ရက်လျှင် လာရောက်ဖြေဆိုသူ ပျမ်းမျှ ၆၀ဝ ခန့်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“အရင်တုန်းက လူကိုယ်တိုင် ရုံးလာပြီး ဖြေဆိုဖို့စာရင်းကို သက်သက်လုပ်ရတယ်။ အခုက အွန်လိုင်းကနေ စာရင်းတင်ပြီး ကိုယ်ဖြေဆိုမယ့်နေ့မှာ ကညနရုံးမှာ သွားဖြေရမယ်” ဟု ၎င်းက ဆိုသည်။

ယခုလက်ရှိတွင် ယာဉ်မောင်းလိုင်စင် ဖြေဆိုသူ များပြားလျက်ရှိပြီး ကျရှုံးသူမှာ ထက်ဝက်ကျော်ခန့် ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

“ရှေ့အပတ်က သူငယ်ချင်း ယာဉ်မောင်းလိုင်စင် သွားဖြေတာ တစ်နေကုန်သွားတယ်။ လာဖြေတဲ့သူတွေ အရမ်းများတယ်။ အခုလို အွန်လိုင်းက စာရင်းသွင်းပြီး ဖြေဆိုရမယ် ဆိုတော့ အချိန်ကုန်တာလည်း သက်သာဖြေဆိုသူတွေ အတွက်လည်း အဆင်ပြေနိုင်မယ် ထင်တယ်” ဟု ကုမ္ပဏီတွင် ယာဉ်မောင်းလုပ်ကိုင်နေသူ ကိုဇော်ထွေးက ဆိုသည်။

ယာဉ်မောင်းလိုင်စင် ဖြေဆိုသူများ အနေနှင့် မြင်သာ (က.ည.န) ရုံးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို စာတွေ့ဖြေဆိုမှု အောင်မြင်ပါက ရွာသာကြီး (က.ည.န) ရုံးတွင် လက်တွေ့မောင်းနှင်မှုကို ဖြေဆိုရမည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် တရားဝင် မှတ်ပုံတင်ပြုလုပ်သည့် မော်တော်ယာဉ် အစီးရေ ရှစ်သိန်းနီးပါးခန့် ရှိလာပြီး ယာဉ်မောင်းလိုင်စင် ရှစ်သိန်းနီးပါးခန့် ထုတ်ပေးထားပြီ ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရှိရသည်။


J-10

  • TAGS