POST TYPE

LATEST NEWS POST

အခြေခံဥပဒေ ပြန်လည်ရေးဆွဲနိုင်ရေး စေ့စပ်ညှိနှိုင်းမှုကို လက်ခံရန် အထက်မြန်မာပြည် ရွှေဝါရောင်သံဃာများက တပ်မတော်ကို တိုက်တွန်း
25-Sep-2017 tagged as မန္တလေး

မန္တလေး၊ စက်တင်ဘာ ၂၅

ပြည်သူ့အကျိုးစီးပွားကို အခြေခံသည့်အနေနှင့် အခြေခံဥပဒေ ပြန်လည်ရေးဆွဲနိုင်ရေးအတွက် နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုကို တပ်မတော်ဘက်က လက်ခံဆောင်ရွက်ပေးရန် နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်သံဃာ့ကွန်ရက် (အထက်မြန်မာပြည်) က  တိုက်တွန်းလိုက်သည်။

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁၀ နှစ်ပြည့် အခမ်းအနားကို  စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် မဟာမင်းထင်ကျောင်းတိုက် ဓမ္မဒီပကျောင်းဆောင်တွင် ကျင်းပခဲ့ရာ၌  အထက်မြန်မာပြည် ရွှေဝါရောင်သံဃာများက တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ယင်းအခမ်းအနားတွင် အထက်မြန်မာပြည် ရွှေဝါရောင်သံဃာများက အစိုးရ၊ တပ်မတော်နှင့် ပြည်သူများအတွက် တိုက်တွန်းချက်သုံးရပ် ထုတ်ပြန်ခဲ့သည်။ 

ပြည်သူ့အကျိုးစီးပွားကို အခြေခံ၍  အခြေခံဥပဒေ ပြန်လည်ရေးဆွဲနိုင်ရေးအတွက် နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုကို လက်ခံဆောင်ရွက်ရန် တပ်မတော်ကို တိုက်တွန်းကြောင်း၊ တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးစီးပွားကို အစဉ်တစိုက် ရှေးရှု ဆောင်ရွက်နေသော လက်ရှိအစိုးရအနေနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ခိုင်မာစေရန် ပို၍ပြတ်သားသော ပို၍ လက်တွေ့ကျသော အစီအစဉ်သစ်များ  ချမှတ်ဆောင်ရွက်သွားရန် ပြည်သူ့အစိုးရအား တိုက်တွန်းကြောင်း၊ ၂၀ဝ၈ အခြေခံဥပဒေကို တစ်နည်းနည်းဖြင့် ဖျက်သိမ်းပြီး  အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲနိုင်ရေး အတွက် ပြည်သူလူထုတစ်ရပ်လုံးက နိုင်ငံရေးအသိဖြင့် ပါဝင်ကြိုးပမ်းဆောင်ရွက်ရန် ပြည်သူလူထုကို တိုက်တွန်းကြောင်း အထက်မြန်မာပြည် ရွှေဝါရောင် သံဃာများ၏ သဘာထား ကြေညာချက်တွင် ဖော်ပြထားသည်။

ပြည်သူ၊ အစိုးရနှင့် တပ်မတော်တို့ အနေနှင့် ပြည်သူများ ရင်ဆိုင်နေရသော အထွေထွေ အကျပ်အတည်းများမှ လွတ်မြောက်နိုင်ရေးကို ရှေးရှုကာ ရွှေဝါရောင် သံဃာတော်များ၏  တိုက်တွန်းချက်များကို အလေးအနက်ထား၍ အမြန်ဆုံး ဆောင်ရွက်ရန် ထပ်မံတိုက်တွန်းလိုကြောင်း နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် သံဃာ့ကွန်ရက်၏ အထက်မြန်မာပြည် အဖွဲ့ဝင် ဆရာတော်တစ်ပါးက မိန့်ကြားသည်။

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁၀ နှစ်ပြည့် အခမ်းအနားသို့ မန္တလေးနှင့် မိုးကုတ်မြို့မှ ရွှေဝါရောင် သံဃာတော်များ အပါအဝင် မန္တလေးမြို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြသည်။  

M-01