News

POST TYPE

LATEST NEWS POST

အဝေးပြေးယာဉ်လိုင်းအချို့ အောက်တိုဘာ ၄ ရက်အထိ လက်မှတ်များ ဝယ်မရ
25-Sep-2017 tagged as အဝေးပြေး

ရန်ကုန်၊ စက်တင်ဘာ ၂၅

သီတင်းကျွတ်ကာလအတွင်း နယ်ပြန်လိုသည့် ခရီးသည်များ ကြိုတင်လက်မှတ်များ ဝယ်ယူမှု များပြားသဖြင့် အဝေးပြေးယာဉ်လိုင်းအချို့ အောက်တိုဘာလ ၃ ရက်နှင့် ၄ ရက်အထိ လက်မှတ်များ ကုန်နေပြီ ဖြစ်ကြောင်း အောင်မင်္ဂလာ အဝေးပြေး ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

“ကားဂိတ်တွေ တော်တော်များများ ကြိုတင်လက်မှတ်တွေ ရောင်းနေပါပြီ။ နယ်ပြန်မယ့်သူတွေ များတယ်။ ခရီးသည်တွေ အနေနဲ့လည်း အခုကတည်းက ထိုင်ခုံအခက်ခဲ မဖြစ်အောင် ကြိုဝယ်သင့်တယ်” ဟု ရန်ကုန်-မကွေး ခရီးစဉ် ပြေး ဆွဲနေသော ဘုန်းမြတ်ပိုင် အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းတာဝန်ခံ ဦးမောင်မောင်သက်ဆွေက ဆိုသည်။

နယ်ပြန်လိုသည့် ခရီးသည်များ အနေနှင့် ထိုင်ခုံအခက်အခဲ မရှိစေရန် စက်တင်ဘာလ နောက်ဆုံးအပတ်မှ စတင်ကာ ကြိုတင်လက်မှတ်ကို ရောင်းချခဲ့ပြီး ၇၀ ရာခိုင်နှုန်းခန့် လက်မှတ်များ ရောင်းချထားပြီးဖြစ်ကြောင်း၊ အောက်တိုဘာလ ၄ ရက်နှင့် ၅ ရက်ထိ ထိုင်ခုံပြည့် ရောင်းချထားကြောင်း ရန်ကုန်မှ မြန်မာပြည် အထက်ပိုင်း ခရီးစဉ်များ ပြေးဆွဲနေသော လုမ္ဗိနီ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုရုံးပိတ်ရက်တွင် နယ်ပြန်လိုသည့် ခရီးသည်များ အနေနှင့် ယာဉ်စီးရေ မလုံလောက်သည့် အခက်အခဲ မရှိနိုင်ကာ မရောက်သည့်ဒေသ ဟူ၍ မရှိအောင် ဆောင်ရွက်ထားကြောင်း၊ အစိုးရ ရုံးပိတ်ရက်တွင် ယာဉ်စီးရေ တိုးချဲ့ပြေးဆွဲကြောင်း အောင်မင်္ဂလာ အဝေးပြေး ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

လာမည့် သီတင်းကျွတ် ရုံးပိတ်ရက်တွင် လက်မှတ်များ အဆင်ပြေရန် သင်္ကြန်ရုံးပိတ်ရက်ကဲ့သို့ လက်မှတ်များ ဝယ်ယူနိုင်ရန် အထူးစီမံဆောင်ရွက်ထားခြင်း မရှိဘဲ ပုံမှန်အတိုင်း လက်မှတ်များ ရောင်းချနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA (အောင်မင်္ဂလာ အဝေးပြေး) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အောင်မင်္ဂလာ အဝေးပြေးဝင်းတွင် ခရီးသည်တင် မော်တော်ယာဉ်လိုင်း ၁၀၇ လိုင်းရှိပြီး ယာဉ်စီးရေ ၁၃၄၀ စီးခန့်ဖြင့် နေ့စဉ် ခရီးသည် ပို့ဆောင်လျက်ရှိကြောင်း YRTA အဖွဲ့ (အောင်မင်္ဂလာ အဝေးပြေး) ထံမှ သိရသည်။

J-06