News

POST TYPE

LATEST NEWS POST

အမေရိကန်ပြည်ထောင်စုကို ဒုံးကျည်များဖြင့် မလွဲမသွေ ချိန်ရွယ်ထားရမည်ဟု မြောက်ကိုရီးယား ပြောကြား

ပြုံယမ်း၊ စက်တင်ဘာ ၂၄

အမေရိကတိုက်ရှိ အမေရိကန် ပြည်ထောင်စုကို ဒုံးကျည်များဖြင့် ပစ်မှတ်ထား ချိန်ရွယ်ထားရမည့်ကိစ္စကို ဧကန်မုချ လုပ်ဆောင်မည်သာဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

ထိုသို့လုပ်ဆောင်ရန် စီစဉ်ရခြင်းမှာ မိစ္ဆာသမ္မတ တစ်ဦးဖြစ်သည့် ဒေါ်နယ်ထရမ့်က ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းကို ရော့ကက်လူသားဟု ပြောဆိုခဲ့ခြင်းကြောင့် ဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံက ဆိုသည်။

အမေရိကန်လေတပ်မှ B-1B Lancer ဗုံးကြဲလေယာဉ်များ၊ ဂျက်တိုက်လေယာဉ်များနှင့်အတူ မြောက်ကိုရီးယား အရှေ့ဘက်ရှိ နိုင်ငံတကာ လေပိုင်နက်ထဲတွင် အင်အားပြ ပျံသန်းခဲ့ပြီးနောက် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက အမေရိကန်ပြည်ထောင်စုကို မဖြစ်မနေ ဒုံးကျည်များဖြင့် ချိန်ရွယ်ထားရမည်ဖြစ်သည်ဟု မှတ်ချက်ပေး ပြောဆိုခြင်းဖြစ်သည်။

ဗုံးကြဲလေယာဉ်များ မြောက်ကိုရီးယားနိုင်ငံအနီး ပျံသန်းမှုသည် သမ္မတထရမ့် ရွေးချယ်နိုင်မည့် စစ်ရေးနည်းလမ်းများ မည်မျှရှိသည်ကို ထုတ်ဖော်ပြသခြင်းဖြစ်ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုသည် ကင်ဂျုံအန်းနှင့် ထရမ့်တို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပုတ်ခတ်ပြောဆိုကာ နှစ်နိုင်ငံ ဆက်ဆံရေး လွန်စွာတင်းမာအောင် ပြုလုပ်နေသည့်အချိန်တွင် ယခုလို ဒုံးကျည်များဖြင့် ချိန်ရွယ်ထားမည့်အကြောင်း အသိပေး ပြောဆိုခြင်းလည်း ဖြစ်သည်။

သမ္မတထရမ့်သည် သောကြာနေ့က ကင်ဂျုံအန်းကို ရူးနှမ်းနေသူ တစ်ဦးဟု ထိုးနှက်ခဲ့ပြီး ကင်ဂျုံအန်းကလည်း ထရမ့်ကို စိတ်ပိုင်းဆိုင်ရာ ကယောက်ကယက် ဖြစ်နေသည့် အမေရိကန် သက်ကျားအိုကြီးဟု တုံ့ပြန်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက စနေနေ့က “စိတ်ပုံမှန်မဟုတ်ဘဲ အာဏာ အလွန်အကျွံသုံးပြလိုတဲ့ ထရမ့်ဟာ ကုလသမဂ္ဂကို လူဆိုးဂိုဏ်းတွေရဲ့ အသိုက်အမြုံ ဖြစ်အောင် လုပ်နေတယ်”ဟု ဝေဖန်ပြောဆိုပြီး ထရမ့်ကိုယ်တိုင်ကိုယ်၌က သေကြောင်း ကြံစည်နေခြင်းဖြစ်သည်ဟု ဆိုသည်။ 

“မိစ္ဆာသမ္မတတစ်ဦးဟာ အမေရိကန်ခေါင်းဆောင်နေရာကို ယူထားတာ”ဟုလည်း ရီယောင်ဟိုက ဆက်လက် ပြောဆိုသည်။

ထို့ပြင် မြောက်ကိုရီးယားသည် မိမိတို့နိုင်ငံအပေါ် စစ်ရေးအရ တိုက်ခိုက်လာမည့်ကိစ္စမှန်သမျှကို ကာကွယ် ဟန့်တားရန် အသင့် အနေအထား ဖြစ်နေပြီဟုလည်း ၎င်းက သတိပေးခဲ့သည်။

ယခုလအစောပိုင်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားနိုင်ငံအပေါ် နဝမအကြိမ်မြောက်အဖြစ် ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

ပင်တဂွန်စစ်ဌာနချုပ်၏ ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားအကြားရှိ စစ်မက် မဖြစ်ပွားရေးဇုန်အနီးတွင် ဗုံးကြဲလေယာဉ်နှင့် ဂျက်တိုက်လေယာဉ်များ ပျံသန်းခြင်းသည် ၂၁ ရာစုအတွင်း အမေရိကန် လေယာဉ်များ ပထမဆုံးအကြိမ် ပျံသန်းခြင်းဖြစ်သည်ဟု ဆိုသည်။

F-01