News

POST TYPE

LATEST NEWS POST

အကြမ်းဖက်တိုက်ခိုက်ခံရမှုတွင် ပျောက်ဆုံးသွားသော ဟိန္ဒူဘာသာဝင်များကို ရှာဖွေ
24-Sep-2017 tagged as ရခိုင်

ရန်ကုန်၊ စက်တင်ဘာ ၂၃

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသတွင် ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပျောက်ဆုံးသွားသော ဟိန္ဒူဘာသာဝင်များကို ပြန်လည်ရှာဖွေသွားရန် စီစဉ်ထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

“အခုက ပျောက်ဆုံးနေတဲ့သူတွေက သေလားရှင်လား မသိဘူး။ မိသားစုဝင်တွေကတော့ ပျောက်သွားတဲ့သူတွေကို ဟိန္ဒူဓလေ့အရ ကုသိုလ်ကောင်းမှု လုပ်ပြီးပြီ။ အစိုးရက ဟိန္ဒူတွေနေခဲ့တဲ့ ရွာတွေ၊ သူတို့ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ နေရာတွေမှာ အလောင်းတွေကို ပြန်လည်ရှာဖွေပေးမယ်လို့ ပြောဆိုထားတယ်” ဟု စစ်တွေမြို့ ဟိန္ဒူဒုက္ခသည်စခန်းမှ ဘုလှဆွေက ပြောသည်။

နိုင်ငံတော်သမ္မတ အိမ်တော်တွင် စက်တင်ဘာ ၂၂ ရက်က ပြုလုပ်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ အစည်းအဝေးတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များတွင် ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်း ခံရသည့် တမန်းသားကျေးရွာမှ ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင် ၉၃ ဦး ၏ အခြေအနေ အမြန်ဆုံး သိရှိနိုင်ရန်အတွက် ရှာဖွေမှု တိုးမြှင့်ဆောင်ရွက်ရန် အချက်လည်း ပါဝင်သည်။ 

“ရှာဖွေမှုတွေ စနေပါပြီ။ ဟိန္ဒူဘာသာဝင်တွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေနေပါပြီ” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက The Voice သတင်းစာသို့ ပြောသည်။

ယင်းဒေသရှိ ဟိန္ဒူဘာသာဝင်များ နေထိုင်သော ကျေးရွာအချို့ကို ARSA အကြမ်းဖက်အဖွဲ့မှ တိုက်ခိုက်ခြင်းကြောင့် ယနေ့အချိန်ထိ ပျောက်ဆုံးသူ ဟိန္ဒူဘာသာဝင် ၃၀၀ ကျော်ခန့် ရှိကြောင်း ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်ဗဟိုက The Voice သို့ အတည်ပြု ပြောဆိုခဲ့သည်။

“ပထမ လူဦးရေ နှစ်ရာကျော်လောက် ပျောက်သွားတယ်။ အကြမ်းဖက်မှုတွေ ဖြစ်တော့ လုံခြုံတဲ့နေရာကို လာကြရင်း ပျောက်ဆုံးသွားတာ။ ပြီးခဲ့တဲ့ရက်ပိုင်းက အတိုင်ပင်ခံရုံးက ထုတ်ထားတဲ့ စာရင်းက ၉၃ ယောက်ပါ။ ပျောက်ဆုံးလူဦးရေ နှစ်ရာစာရင်းကို အစိုးရဘက်ကလည်း အတည်ပြုနေတယ်။ အခုလက်ရှိ သေဆုံးသွားတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ အလောင်းတွေ သက်ရှိကျန်တဲ့ သူတွေကို အစိုးရဘက်က ရှာဖွေပေးဖို့ ရှိတယ်” ဟု ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်ဗဟို အတွင်းရေးမှူး ဦးကျော်သူက ပြောသည်။

ARSA အကြမ်းဖက်အဖွဲ့ တိုက်ခိုက်မှုကြောင့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့ရှိ ယာယီစခန်းများတွင် ဟိန္ဒူဒုက္ခသည် ၂၀၀၀ ခန့် မှီခိုလျက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ယင်း ဟိန္ဒူဒုက္ခသည်များကို ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်မှ စာရီအဝတ်အထည် ၁၈၀၀ ခန့်နှင့် ငွေကျပ်သိန်း ၂၀ ခန့် လှူဒါန်းထားပြီး ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။                          

J-07