News

POST TYPE

LATEST NEWS POST

အပစ်ရပ် ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များမှ မြေပြင်တပ်မှူးများနှင့် တပ်မတော် ပုံမှန် တွေ့ဆုံသွားမည်
23-Sep-2017 tagged as NCA DKBA KNU RCSS CNF

ရန်ကုန်၊ စက်တင်ဘာ ၂၃

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ချုပ်ဆိုထားသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တပ်မတော်တို့ အောက်ခြေမြေပြင်ရှိ တပ်မှူးများ ပုံမှန် တွေ့ဆုံမှုများ ပြုလုပ်သွားရန် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) က ဆုံးဖြတ်ခဲ့ကြောင်း ယင်းကော်မတီထံမှ သိရသည်။

NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့အကြား မြေပြင်နှစ်ဖက်တပ်မှူးများ ယုံကြည်မှု တည်ဆောက်ရန်၊ စစ်ရေး တင်းမာမှုများ လျှော့ချသွားစေရန်တို့အတွက် မကြာခဏ တွေ့ဆုံသွားရန် JMC-U အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း JMC-U အတွင်းရေးမှူး အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာရွှေခါးက ပြောကြားသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ ၁၂ ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာလ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိတွေ့မှုများ ရှောင်ရှားနိုင်ရန်အတွက် အောက်ခြေရှိ နှစ်ဖက်တပ်မှူးများ ပုံမှန် တွေ့ဆုံနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပသွားရန် လိုအပ်ပြီး ယင်းတွေ့ဆုံမှုများမှတစ်ဆင့် နားလည်မှု မြှင့်တင်နိုင်ရန် လိုအပ်ကြောင်း ဒေါက်တာ ရွှေခါးက ရှင်းပြသည်။

“ကျွန်တော်တို့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ကာလတွေမှာ နှစ်ဖက် အဖွဲ့အစည်းတွေ အချင်းချင်းကြားထဲမှာ နားလည်မှုနဲ့ ယုံကြည်ချက် မြှင့်တင်နိုင်ဖို့က သိပ်အရေးကြီးပါတယ်”ဟု ၎င်းက ဆိုသည်။

JMCသည် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များ ထိတွေ့တိုက်ခိုက်မှုများကို စောင့်ကြည့်ထိန်းကျောင်းရန် ဖွဲ့စည်းထားခြင်းဖြစ်ပြီး JMCအတွင်း ပါဝင်သူများတွင်လည်း နှစ်ဖက် တပ်မှူးများနှင့် အရပ်သား ကိုယ်စားလှယ်များ ပါဝင်သည်။

ပြီးခဲ့သည့် ဇူလိုင်လပိုင်းက တပ်မတော်နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ ရှမ်းပြည်နယ် ဟိုပုံးတွင် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နယ်မြေသွားလာမှုတွင် ကြိုတင် အကြောင်းမကြားခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရဲာဃြ ထံမှသိရသည်။

လက်ရှိတွင် NCA စာချုပ်ကို ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ဟူသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့ လက်မှတ်ရေးထိုးထားသည်။

J-08