News

POST TYPE

LATEST NEWS POST

ထားဝယ်မြစ်ကမ်းတွင် ကျောက်စုပ်လှေ နစ်မြုပ်၊ လှေသားနှစ်ဦး ပျောက်ဆဲ
22-Sep-2017 tagged as ထားဝယ်

ထားဝယ်၊ စက်တင်ဘာ ၂၂

ထားဝယ်မြစ် တောင်မင်းပြောင်ရွာဆိပ်ကမ်းတွင် ကျောက်စုပ်လှေတစ်စီး နစ်မြုပ်ခဲ့ပြီး လှေသားနှစ်ဦး ပျောက်ဆုံးနေကြောင်း လောင်းလုံးမြို့နယ် မောင်းမကန် နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သက်ဦးက စက်တင်ဘာလ ၂၂ ရက် ညနေ ၄ နာရီတွင် အတည်ပြု ပြောကြားသည်။

အဆိုပါ ကျောက်စုပ်လှေသည် စက်တင်ဘာလ ၂၂ ရက်၊ နံနက် ၄ နာရီခန့်တွင် နစ်မြုပ်ခဲ့ပြီး လှေပေါ်တွင် ရှိနေသည့် လှေပိုင်ရှင်နှင့် လှေသားနှစ်ဦးပါ နစ်မြုပ်ခဲ့ကြောင်း ရဲအုပ်သက်ဦးက ပြောသည်။

လှေပိုင်ရှင်ဖြစ်သူမှာ လှေမှောက်မှောက်ချင်း ကမ်းပေါ်တက်လာနိုင်ခဲ့သော်လည်း လှေသားနှစ်ဦးမှာ ပျောက်ဆုံးဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရေတက်လာပြီး ရေပြန်ကျတဲ့အခါကျတော့ တဇောင်းအနေအထားနဲ့ မှောက်သွားတာ” ဟု ရဲအုပ်သက်ဦးက ပြောသည်။

ယင်းလှေမှာ ကျောက် ၄ ကျင်းဝင် လှေဟောင်းတစ်စီးဖြစ်ပြီး ယခုနစ်မြုပ်သည့်နေရာတွင် ဒီရေကျချိန် လှေပေါ်ရှိ ကျောက်စစ်ဇကာကြီးများကို မြင်နေရကြောင်း တောင်မင်းပြောင် ရွာသားတစ်ဦးက ပြောသည်။

ပျောက်ဆုံး လှေသားနှစ်ဦးကို ရဲတပ်ဖွဲ့၊ ရွာသားများနှင့် အရပ်ဖက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းရှာဖွေနေဆဲဖြစ်သည်။

ပျောက်ဆုံး လှေသားနှစ်ဦးကို လိုက်လံရှာဖွေရန် ပြင်ဆင်နေသည့် ဇမ္ဗူသီရိ အဖွဲ့၏ ကယ်ဆယ်ရေးလှေကို တွေ့ရစဉ်

ဓာတ်ပုံ - ဝေဖြိုး
Dawei Watch