POST TYPE

LATEST NEWS POST

မူးယစ်တရားခံပြေးတစ်ဦး စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိ
22-Sep-2017 tagged as မူးယစ်ဆေးဝါး

တောင်ငူ၊ စက်တင်ဘာ၂၂ 

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်အတွင်း ပြီးခဲ့သည့် တစ်လကျော်ခန့်က မူးယစ်မှုနှင့် ပတ်သက်ပြီး အဖမ်းမခံဘဲ ထွက်ပြေးတိမ်းရှောင်နေသူတစ်ဦးကို စက်တင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က စိတ်ကြွဆေးပြားများနှင့်အတူ လဲဘူးကျေးရွာ လမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု တောင်ငူမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။ 

“ကျွန်းကုန်းစခန်းမှာ မူးယစ်မှုနဲ့ အမှုဖွင့်ခံထားရပြီး တိမ်းရှောင်ထွက်ပြေးနေသူ တစ်ယောက်ပါ။ သတင်းအရ သွားရောက်ဖမ်းဆီးခဲ့တဲ့အခါမှာ ဆိုင်ကယ်တစ်စင်းနဲ့အတူ မူးယစ်ဆေးဝါးတွေ ထပ်မံဖမ်းမိခဲ့ တာပါ” ဟု တောင်ငူခရိုင် ဒုစရိုက်နှိမ်နှင်းရေးတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါနေ့ ညနေ ၅ နာရီခွဲခန့်က ကျွန်းကုန်းနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးအမှုတစ်ခုနှင့် ပတ်သက်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် အသက် ၄၃ နှစ်အရွယ် ဦးဇော်လင်းဆိုသူသည် တောင်ငူမြို့နယ် လဲဘူးကျေးရွာတွင် ရောက်ရှိနေကြောင်း သတင်းအရ တောင်ငူမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများ ပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ရှာဖွေဖမ်းဆီးရာမှ လဲဘူးကျေးရွာလမ်းအတိုင်း ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် ရပ်တန့်စစ်ဆေးမှုကို လက်မခံဘဲ ပြန်လည်ခုခံခဲ့သဖြင့် လုံးထွေးသတ်ပုတ် ဖမ်းဆီးခဲ့ကြောင်း လွယ်ထားသည့် ခရီးဆောင်အိတ်ထဲမှ အဝတ်အစားများ၊ လက်ကိုင်ဖုန်းနှစ်လုံး၊ မှတ်ပုံတင်တစ်ခု၊ ဓားမြှောင်တစ်လက်နှင့် ဆီစိမ်စက္ကူ ဖြင့် ခုတ်ထားပြီး တန်ဖိုးငွေ ကျပ် ၉ သိန်းကျော်ရှိသော တရားမဝင်စိတ်ကြွဆေးပြား စုစုပေါင်း ၁၉၀ ပြား၊ ငွေစက္ကူ ရောရာ ၂ သိန်းနီးပါးကို ရှာဖွေဖမ်းဆီးရမိခဲ့ခြင်ြး ဖစ်သည်ဟု တောင်ငူမြို့ အမှတ် (၂) နယ်မြေရဲခန်းမှ စုံစမ်းသိရှိရသည်။ 

အမှုနှင့်ပတ်သက်ပြီး ဇော်လင်းကို တောင်ငူမြို့ အမှတ် (၂) နယ်မြေရဲစခန်းမှ မယ(ပ)၈/၂၀၁၇ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၀ (က)ဖြင့် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်နေသည်ဟု အဆိုပါ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

အဆိုပါနေ့ ည ၁၁ နာရီခွဲခန့်ကလည်း အုတ်တွင်း မြို့နယ် ကျွဲပွဲမြို့ မြေစီးကျေးရွာအနီး အမျိုးသား နှစ်ဦးထံမှတရားမဝင်စိတ်ကြွဆေးပြား ၃၃၈၈ပြား ကို ဖမ်းဆီးရမိခဲ့သည်ဟု တောင်ငူခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ 

R-15 
ဓာတ်ပုံ-AAK