News

POST TYPE

LATEST NEWS POST

ကရင်ပြည်နယ်တွင် အနိမ့်ဆုံး လုပ်ခလစာ ၅၂၀၀ သတ်မှတ်
22-Sep-2017 tagged as အလုပ်သမား

ဘားအံ၊ စက်တင်ဘာ ၂၂

အနည်းဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် အစိုးရအဖွဲ့၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ဘားအံမြို့နယ် ဇွဲကပင်ခန်းမ၌ စက်တင်ဘာလ ၂၂ ရက်နေ့က ကျင်းပခဲ့ရာ ကရင်ပြည်နယ်အတွက် အနည်းဆုံးလုပ်ခ ၅၂၀၀ ကျပ်အဖြစ် သတ်မှတ်လိုက်သည်။

ယင်းအခမ်းအနားကို ကရင်ပြည်နယ် အနည်းဆုံး လုပ်ခကြေးငွေ သတ်မှတ်ရေး ကော်မတီမှ ဖိတ်ခေါ်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းအသီးသီးမှ လုပ်ငန်းရှင်များ၊ အလုပ်သမားများ စုစုပေါင်း လူဦးရေ ၁၀၀ ကျော် တတ်ရောက်ခဲ့သည်။


“ကရင်ပြည်နယ်အတွက် အနည်းဆုံး လုပ်ခလစာက ၅၂၀၀ ကျပ် ဖြစ်ပါတယ်လို့ အမျိုးသားကော်မတီအဆင့်ကို တင်ပြသွားမှာပါ” ဟု ကရင်ပြည်နယ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျောင်မင်းက ပြောကြားသည်။

ကရင်ပြည်နယ်အတွက် ဘားအံတွင် ပြုလုပ်သည့် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး လုပ်ငန်းဆွေးနွေးပွဲသည် ပြည်နယ်အဆင့် နောက်ဆုံးကျင်းပခြင်းဖြစ်ပြီး ယခင်ကျင်းပခဲ့သော မြို့နယ်အနေဖြင့် သံတောင်ကြီးမြို့နယ်တွင် ၅၀၀၀ ကျပ်နှုန်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၅၀၀၀ ကျပ်နှုန်း၊ ထိုင်းမြန်မာနပ်စပ်တွင် ၆၀၀၀ ကျပ်နှုန်း၊ ဘားအံခရိုင်အတွက် ၅၀၀၀ ကျပ်နှုန်းဖြစ်သည့် အတွက် ပျမ်းမျှ ၅၂၀၀ ကျပ်နှုန်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။


“လုပ်ငန်းကဏ္ဍအလိုက် ကြည့်မယ်ဆိုရင်တော့ ဒေသအနေအထား အရပေါ့နော့် အနည်းဆုံးလုပ်ခ ၅၂၀၀ ဆိုတာက လုပ်ငန်းရှင်းအနေနဲ့ရော အလုပ်သမားတွေ အတွက်ရော သင့်တင့်တဲ့ဈေးနှုန်းပါ၊ အနည်းဆုံးလစာက အရမ်းများနေရင်တော့ ကျွန်တော်တို့ အနေနဲ့ လုပ်သားတွေကို စိစစ်ပြီး ခန့်ရမှာ၊ ပြီးတော့ လုပ်သားကိုလည်း အရင်၁၀ ယောက် ခန့်ထားတာဆို ၈ ယောက်နဲ့ အလုပ်ဆက်လုပ်ရမှာ၊ လုပ်ခအရမ်းနည်းရင်လည်း အလုပ်သမားတွေအတွက် အခက်အခဲတွေ ဖြစ်လာလို့ လုပ်ငန်းရွှေ့ပြောင်းလုပ်ကိုင်တာတွေ ဖြစ်လာနိုင်ပါတယ်” ဟု ဖိုးလမင်းကုန်တိုက်မှ မန်နေဂျာ မြတ်ဦးက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဘားအံရှိ အလုပ်သမားများဘက်မှ အနည်းဆုံး အခကြေးငွေကို ၅၀၀၀ မှ ၅၅၀၀ ကျပ်အထိ အဆိုပြုခဲ့သည်။ အလုပ်ရှင်များဘက်မှလည်း လုပ်ငန်းအမျိုးအစားအလိုက် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်ထိ ပေးခြေနိုင်သည်ဟု အဆိုပြုသော အလုပ်ရှင်များ ရှိသော်လည်း ဘားအံခရိုင်အတွက် ၅၀၀၀ ကျပ်ကို အတည်ပြုခဲ့ပြီး၊ ကရင်ပြည်နယ်အတွက် ၅၂၀၀ ကျပ်ကို အတည်ပြုနိုင်ခဲ့သည်။

ယင်းရရှိသောရလဒ်ကို အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီအဆင့်ကို တင်ပြပြီးနောက် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ပျမ်းမျှလုပ်ခလစာ သတ်မှတ်သွားမည် ဖြစ်သည်ဟု ကရင်ပြည်နယ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။


R-17