News

POST TYPE

LATEST NEWS POST

ဂျပန်-မြန်မာ ပူးပေါင်း၍ မြောင်းမြ (ရွေးမြစ်) မြစ်ကူးတံတားတစ်စင်း ထပ်မံတည်ဆောက်
ပုသိမ်၊ စက်တင်ဘာ ၂၁ 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် မြောင်းမြ(ရွေးမြစ်) မြစ်ကူးတံတားတစ်စင်းကို မူလက ဆောက်လုပ်ထားသော တံတားဟောင်းဘေးတွင် ယှဉ်လျှက် ပြည်ထောင်စုအစိုးရ၏ ငွေလုံးငွေရင်း ဘတ်ဂျက်ဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ ထပ်မံတည်ဆောက်လျက် ရှိသည်။

ယင်းတံတားကို ဂျပန်နိုင်ငံမှ super structure ၄၀ ရာခိုင်နှုန်း တာဝန်ယူကာ မြန်မာနိုင်ငံမှ sub structure ၆၀ ရာခိုင်နှုန်း တာဝန်ယူ တည်ဆောက်မည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

၁၉၉၆ ခုနှစ်က တည်ဆောက်သည့် မူလမြစ်ကူးတံတားမှာ ခံနိုင်ဝန် တန် ၆၀ ဖြစ်သော်လည်း နှစ်ကာလ ကြာမြင့်လာ၍ ခံနိုင်ဝန် တန်၂၀ အထိ လျှော့ကျသွားသဖြင့် တန် ၂၀ အထက်ယာဉ်များ ဖြတ်သန်းနိုင်ရန်အတွက် ခံနိုင်ဝန် တန် ၆၀ ရှိသည့် မြစ်ကူးတံတား အသစ်တစ်စင်းကို တည်ဆောက်ရခြင်း ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရသစ် လက်ထက်တွင် တိုင်းဒေသကြီးအတွင်း၌ ပထမဆုံး တည်ဆောက်သည့် အရှည် ပေ ၂၀၀၀ အထက် မြစ်ကူးတံတားသစ်တစ်စင်း ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

“လုပ်ငန်းစတင်နိုင်ဖို့ မေလ ၁ ရက်နေ့ကစပြီး လေ့လာဆန်းစစ်မှုတွေကို ဆောင်ရွက်ခဲ့တာပါ၊ ရန်ကုန်- မြောင်းမြ ကားလမ်းမက မြောင်းမြမြစ် (ရွေးမြစ်) ကို ဖြတ်မှ မြောင်းမြမြို့ လပွတ္တာမြို့နယ်၊ ကျုံမငေးမြို့နယ်နဲ့ ငပုတော မြို့နယ်တွေကို ရောက်တယ်၊ တန်ချိန် ၂၀ အထက်ယာဉ်တွေ ဖြတ်မရတော့ မြစ်ကို ဇက်နဲ့ကူးနေရတယ် ခရီးမတွင်ဘူး တံတားဆောက်လိုက်တော့ ခရီးတွင်သွားမယ်” ဟု ၄င်းက ဆက်လက်ရှင်းပြသည်။

လက်တွေ့ မြေပြင်ကွင်းဆင်း၍ အချက်အလက် ကောက်ယူသောအဖွဲ့နှင့် အသေးစိတ် ဆွေးနွေးရာ မြောင်းမြမြစ် (ရွေးမြစ်) အတွင်း ကုန်သဘောင်္များ လွတ်လပ်စွာ သွားလာနိုင်ရန်၊ မြစ်ကြောင်းကောခြင်း မရှိစေရန်နှင့် နှစ်သက်တမ်း ရေရှည်ခံကာ ဘေးကင်းစွာ အသုံးပြုနိုင်ရန်အတွက် တံတား အခြေခံအချက်အလက်အချို့ အပြောင်းအလဲ ပြုလုပ်ခဲ့သည်။

မြောင်းမြ(ရွေးမြစ်) မြစ်ကူးတံတားသစ်သည် တံတားအရှည် ၂၇၂၃ ပေ၊ တံတား အကျယ် ၃၄ ပေ၊ ယာဉ်သွားလမ်း ၂၈ ပေ၊ လူသွားလမ်း တစ်ဖက်လျှင် ၃ ပေ၊ ရေပြင်မှ ကင်းလွတ် ၄၆ ပေ၊ ယာဉ်တစ်စီးခြင်း ဖြတ်သန်းနိုင်သည့် ခံနိုင်ဝန် တန် ၆၀ ရှိကာ တံတား၏ ကာလ တန်ဖိုး ကျပ်သန်းပေါင်း နှစ်သောင်းကျော် ကုန်ကျမည့် PC Box composite Girder တံတား အမျိုးအစား၊ အုတ်မြစ် သံကူကွန်ကရစ် ဖြစ်ပြီး တည်ဆောက်မှုကာလ ၂ နှစ် လျာထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

မောင်မျိုးထက်(ပုသိမ်) 
R12