POST TYPE

LATEST NEWS POST

နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံ လုံခြုံရေးနှင့်စည်းကမ်း တင်းကြပ်မည်
22-Sep-2017 tagged as ဆရာဝန် ဆေးရုံ

နေပြည်တော်၊ စက်တင်ဘာ ၂၂

နေပြည်တော်တော် ကုတင်တစ်ထောင် ပြည်သူ့ဆေးရုံကို လုံခြုံရေးစီမံမှုများ တင်းကြပ်၍ လုံခြုံရေး ဝန်ထမ်းဦးရေ တိုးမြှင့်ပြောင်းလဲမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ယနေ့ (စက်တင်ဘာ ၂၂) နေပြည်တော် ကုတင်တစ်ထောင် ဆေးရုံတွင် ပြုလုပ်သည့် လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း အသိပေးရှင်းလင်းပွဲတွင် ၄င်းတို့က မီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းဆေးရုံတွင် အတွင်းလူနာ၊ အပြင်လူနာနှင့် ဧည့်သည်လူဦးရေ နေ့စဉ် ၁၀၀၀ ခန့် အဝင်အထွက် ရှိနေသောကြောင့် လက်ရှိ ရှိနေသော လုံခြုံရေး ဝန်ထမ်းဦးရေဖြင့် နိုင်နင်းအောင် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ လုံခြုံရေးအင်အားဖြင့် ဆေးရုံတွင်း ဝင်ရောက်သည့် လူနာ၊ လူနာစောင်နှင့် လာရောက်သည့် ဧည့်သည်များ၏ စည်းကမ်းလိုက်နာမှု မရှိသည့် ကိစ္စများကို ဖြေရှင်းဆောင်ရွက်မည် ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သီတာလှက ဆိုသည်။

လုံခြုံရေး အဆင့်မြှင့်တင်ရန် တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါအောင်သည့် ကုမ္ပဏီမှ လုံခြုံရေး ၄၂ ဦးဖြင့် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ တာဝန်ယူ လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း၊ ယင်းလုပ်ငန်းအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် တစ်လလျှင် ကျပ် ၅၆ သိန်းကို ကျန်းမာရေးရန်ပုံငွေမှ သုံးစွဲသွားမည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

၁၀ ခန့်ကြာ ဖွင့်လှစ်ခဲ့သော ယင်းဆေးရုံကြီးတွင် လူအဝင်အထွက် စည်းကမ်းမရှိခြင်း၊ ဆိုင်ကယ်ပျောက်ဆုံးခြင်း၊ စည်းကမ်းမဲ့ ဈေးသည်၊ စည်းကမ်းမဲ့ လူနာစောင့်များကြောင့် တာဝန်ကျ ဆရာဝန်များအတွက် အနှောင့်အယှက်ဖြစ်သည့် ကိစ္စရပ်များ အပါအဝင် လူနာဆောင်အတွင်း ပစ္စည်းပျောက်သည့် ကိစ္စများ ရှိလာသောကြောင့် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက ပြောသည်။

လုံခြုံရေးဆိုင်ရာ ဌားရမ်းမှု စာချုပ်ကို ယခုလကုန်ပိုင်းတွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆေးရုံဝင်းအတွင်း စည်းကမ်းဆိုင်ရာ ချမှတ်ခြင်းများကို အောက်တိုဘာ တစ်လအတွင်း ပညာပေးလုပ်ငန်း လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သီတာလှက ပြောသည်။

ဆေးရုံအတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များမှာ ဥပမာအားဖြင့် ယာဉ်အဝင်အထွက်၊ လူနာစောင့် အဝင်အထွက်များကို သက်သေခံကဒ်ပြား တစ်ခုခုဖြင့် ဂိတ်ဝတွင် ထားရှိပေး၍ ဝင်ထွက်ခွင့်ပြုရန် စီစဉ်ထားပြီး၊ လိုအပ်မှု ရှိပါက အကြံပြုချက်များ ပေးနိုင်ရန် ဆေးရုံအတွင်း စီမံလုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ယင်းအစီစဉ်ကို ပြုလုပ်ရန် ပထမဦးစွာ တင်ဒါစာချုပ်ကို မတ်လအထိ (၆လ) ချုပ်ဆိုရန် စီစဉ်ထားပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်လည်း စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၄င်းက ရှင်းပြခဲ့သည်။