News

POST TYPE

LATEST NEWS POST

မိထွေးဖြစ်သူကို လင်ပါသားက ဓားနှင့်ထိုးသတ်
22-Sep-2017 tagged as လူသတ်မှု

ရန်ကုန်၊ စက်တင်ဘာ ၂၂ 

လှည်းကူးမြို့နယ် ပြည်တော်သာရပ်ရှိ နေအိမ်တစ်လုံးတွင် စက်တင်ဘာလ ၂၁ ရက် ည ၇ နာရီခွဲက အသက် ၃၉ နှစ်အရွယ် မိထွေးဖြစ်သူကို လင်ပါသားဖြစ်သူက ဓားနဲ့ဆင့်ထိုးသတ်ခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

အသက် ၂၁ နှစ်အရွယ် လှမင်းစိုး ဆိုသူသည် အတူနေထိုင်သည့် မိထွေးဖြစ်သူ ဒေါ်ဝင်းမာထွေးကို ဓားနဲ့ဆင့်ထိုးသတ်ခဲ့ရာ နောက်ကျောတွင် ထိုးသွင်းဒဏ်ရာ ၅ ချက် ဘယ်လက်မောင်းတွင် ၃ ချက် ရရှိသဖြင့် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

“အရင်အိမ်ထောင်နဲ့ရတဲ့ လင်ပါသားက သတ်တာပါ။ သတ်တဲ့သူရဲ့ ဖခင်ကိုယ်တိုင် အမှုဖွင့်ထားတာ။ ညကတည်းက တစ်ခါတည်း ဖမ်းမိတယ်။ သေဆုံးသူနဲ့ သူ့အဖေနဲ့မွေးတဲ့ သမီးတစ်ယောက် ကျန်ခဲ့တယ်။ ဖြစ်တဲ့အချိန်မှာ တရားလိုက ရပ်ကွက်ထဲက အိမ်တစ်လုံးမှာ သောကြာဆွမ်းချက် သွားနေတုန်းဖြစ်တာ” ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ဇနီးဖြစ်သူကို ဓားနဲ့ဆင့်ထိုးသတ်သည့် သားကို အရေးယူပေးရန် အသက် ၅၃ နှစ်အရွယ် ဦးလှငွေက အမှုဖွင့်တိုင်ကြားသဖြင့် လှည်းကူးမြို့ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။

J 16