News

POST TYPE

LATEST NEWS POST

မန္တလေးစည်ပင် အောက်တိုဘာမှစ၍ ရေမီတာ အသုံးပြုခ လစဉ်ကောက်မည်
မန္တလေး၊ စက်တင်ဘာ ၂၁

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ်ငါးခုအတွင်း စည်ပင်သာယာရေးကော်မတီက ဖြန့်ဖြူးနေသော ရေမီတာ အသုံးပြုခများကို အောက်တိုဘာလဆန်းပိုင်းမှစ၍ လစဉ် ကောက်ခံမည် ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ အခွန်ဌာန၊ ဌာနမှူး ဦးဝင်းမောင်က ပြောကြားသည်။

စည်ပင်ရေပေးဝေရေးအဖွဲ့ အနေနှင့် ယခင်က ရေမီတာခများကို သုံးလတစ်ကြိမ် ကောက်ခံလျက်ရှိရာမှ အောက်တိုဘာလမှစ၍ လစဉ် ကောက်ခံမည် ဖြစ်ကြောင်း၊ ယင်းသို့ ပြောင်းလဲကောက်ခံခြင်းနှင့်အတူ ပြည်သူလူထုအတွက် သန့်ရှင်းသောရေ ရရှိစေရန်နှင့် ဝန်ဆောင်မှုကောင်းများ ရရှိစေရန် အလေးထား လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“ရေမလာတဲ့ ရေမီတာတွေ၊ ပျက်စီးနေတဲ့ ရေမီတာ စာရင်းရဖို့ ရည်ရွယ်လုပ်ဆောင်တာပါ” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် မြို့နယ်စည်ပင်သာယာရေးကော်မတီ အခွန်ဌာန၊ အင်ဂျင်နီယာ၊ စစ်ဆေးရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးဝန်ထမ်း၊ ရာအိမ်မှူး အစရှိသည်တို့မှ တာဝန်ရှိသူရှစ်ဦး ပါဝင်သည့် အဖွဲ့တစ်ဖွဲ့စီဖြင့် ကွင်းဆင်းစစ်ဆေးမည် ဖြစ်ပြီး တစ်မြို့နယ်လျှင် ငါးဖွဲ့နှုန်းဖြင့် အဖွဲ့ ၂၅ ဖွဲ့ခွဲကာ ကွင်းဆင်းစစ်ဆေးမည် ဖြစ်ကြောင်း ဦးဝင်းမောင်က ရှင်းပြသည်။ 

“အခု ကွင်းဆင်းစစ်လိုက်လို့ စည်ပင်က တပ်ဆင်ထားတဲ့ ရေမီတာတွေ မဟုတ်ဘဲ မမှန်မကန် အသုံးပြုမယ်ဆိုရင် ဒဏ်ကြေးပေးရမှာပါ။ ရေမီတာ မကောင်းတာ၊ လဲလှယ်တပ်ဆင်တာတွေ အတွက်လည်း အသက်သာဆုံး နှုန်းထားနဲ့ ပြပြင်ပေးမယ်။ အဖွဲ့တွေမှာပါတဲ့ အင်ဂျင်နီယာက တစ်ခါတည်း စစ်ဆေးဆုံးဖြတ်ပေးမှာပါ” ဟု စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းရေးဌာန ရေဖြန့်ဖြူးရေးဌာနခွဲ၊ ဌာနခွဲမှူး ဦးခင်မောင်သင်းက ပြောဆိုသည်။

ရေမီတာခ ကောက်ခံမှုပုံစံ ပြောင်းလဲလိုက်ခြင်းနှင့်အတူ ပြည်သူများ ရေသုံးစွဲမှုအပေါ် ဆန်းစစ်ချက်များနှင့် သဘောထား မှတ်ချက်များ ကောက်ခံသွားမည် ဖြစ်ကြောင်း၊ ယင်းမှတ်ချက်များကို ပြန်လည်သုံးသပ်ကာ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စများကို  ဝန်ဆောင်ပေးမည် ဖြစ်ကြောင်း ယင်းကော်မတီ၊ အခွန်ဌာနမှ ဌာနမှူး ဦးဝင်းမောင်က ထပ်လောင်းပြောကြားသည်။

“ရေမီတာနဲ့ သုံးချင်ပေမယ့် ဒဏ်ကြေးငါးသောင်းဆိုတော့ ခက်နေတယ်။ သူတို့သတ်မှတ်ထားတဲ့ မီတာတပ်ဆင်ခကလည်း ခြောက်သောင်းလောက် ရှိနေတယ်။ ရေမီတာ လည်ပတ်သုံးစွဲတဲ့ စနစ်ကိုလည်း ပြည်သူက သေချာနားမလည်ဘူး” ဟု ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သည့် အိမ်ရှင်မ ဒေါ်ညိုက ပြောဆိုသည်။

မန္တလေးခရိုင်အတွင်း စည်ပင်ရေ မီတာသုံးစွဲလျက်ရှိသော ရေမီတာအလုံး ၉၈,၀၀၀ ကျော် ရှိနေရာ ယင်းတို့အနက် ၅၂ ရာခိုင်နှုန်းမှာ လေလွင့်အသုံးပြုမှုများ ရှိနေပြီး ၄၀ ရာခိုင်နှုန်းခန့်သာ ရေမီတာခ ကောက်ခံရရှိကြောင်း ယင်းကော်မတီ ရေနှင့်သန့်ရှင်းရေးဌာန၊ ရေဖြန့်ဖြူးရေး ဌာနခွဲထံမှ သိရသည်။    

ဝင်းရွှေရည်ဦး