News

POST TYPE

LATEST NEWS POST

ဓာတ်လှေကားထဲ ပိတ်မိနေသူ နှစ်ဦးကို မီးသတ်တပ်ဖွဲ့က ကယ်ထုတ်
21-Sep-2017 tagged as

ရန်ကုန်၊ စက်တင်ဘာ ၂၁

စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်(မြောက်)ရပ်ကွက်၊ သပြေလမ်းတွင် စက်တင်ဘာလ ၂၁ ရက် နံနက် ၉ နာရီဝန်းကျင်က အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ဓာတ်လှေကားအတွင်း ပိတ်မိနေသောကြောင့် မီးသတ်တပ်ဖွဲ့မှ အချိန်မီ ကယ်ထုတ်ပေးခဲ့ရသည်။

သပြေလမ်းရှိ ခုနစ်ထပ် အဆောက်အအုံတွင် တပ်ဆင်ထားသော ဓာတ်လှေကားအား စီးနင်းလိုက်ပါလာသည့် အမျိုးသမီးနှင့် ကလေးငယ်တို့မှာ သုံးလွှာအရောက်တွင် မီးပျက်သွားသဖြင့် ဓာတ်လှေကားအတွင်း ပိတ်မိနေကြောင်း ရပ်ကွက်နေသူများက မီးသတ်တပ်ဖွဲ့ထံသို့ ဖုန်းဆက်အကြောင်းကြားခဲ့သည်။

“ဒီမနက် ၉ နာရီကနေ နေ့ခင်း ၁ နာရီအထိ လျှပ်စစ်မီးတွေ ပျက်မယ်လို့ ညက ရပ်ကွက်ထဲ လိုက်ကြေညာထားတာ။ သူတို့က ဒါကို သတိမထားမိဘဲ ဓာတ်လှေကား အသုံးပြုမိချိန်နဲ့ မီးပျက်တဲ့အချိန် တိုက်ဆိုင်ပြီး အထဲမှာ ပိတ်မိနေတာ။ အထဲမှာ မိနစ် ၂၀ လောက် ပိတ်မိနေတော့ အနည်းငယ် မူးတာတော့ ရှိတာပေါ့။ အချိန်မီ ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်” ဟု မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ရှင်းပြသည်။

အဆိုပါ ဓာတ်လှေကားအတွင်း ပိတ်မိနေသူ နှစ်ဦးကို စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးမှူး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ခုနှစ်ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် လေးဦးနှင့် မီးသတ်စခန်းမှ ဝမ်းနိုင်းဝမ်း အသက်ကယ်ဆယ်ရေး ယာဉ်တစ်စီးတို့ဖြင့် ကူညီဆောင်ရွက်ပေးခဲ့သည်။

ယခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က အလားတူ တောင်ဥက္ကလာပမြို့နယ်ရှိ အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဓာတ်လှေကားထဲ အမျိုးသား ကိုးဦး ပိတ်မိနေသောကြောင့် အရှေ့ပိုင်းခရိုင် မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

S-03
ဓာတ်ပုံ - မီးသတ်တပ်ဖွဲ့

  • TAGS