News

POST TYPE

LATEST NEWS POST

ပြည်တွင်းထုတ် ဆေးပေါ့လိပ်များအတွက် အခွန်အမှတ်တံဆိပ်ကပ်ရန် စီစဉ်
21-Sep-2017 tagged as မန္တလေး

မန္တလေး၊ စက်တင်ဘာ ၂၀

မြန်မာနိုင်ငံ ဒေသအနှံ့ သောက်သုံးနေသော ဆေးပေါ့လိပ် အထုပ်များပေါ်တွင် အခွန်အမှတ်တံဆိပ်များ ကပ်နိုင်ရန် စီစဉ်နေကြောင်း မန္တလေးတိုင်း အခွန်ဦးစီးဌာနထံမှ သိရသည်။

“ဘီယာတစ်ဘူးစီတိုင်းကို အခွန်အမှတ်တံဆိပ် ကပ်သလိုပေါ့။ ဆေးလိပ်မှာလည်း ပါကင်ရှိတယ်။ အဲ့ဒီပါကင်ထုတ်မှာ ကပ်ရမှာ။ အခွန်အမှတ်တံဆိပ်တွေ မကြာခင် လာတော့မယ်။ အခုက ညွန်ကြားချက်တော့ ရောက်နေပြီ” ဟု မန္တလေးတိုင်း အခွန်ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ဆေးပေါ့လိပ်များနှင့် သက်ဆိုင်သည့် အခွန်အမှတ်တံဆိပ် အမျိုးအစား ခြောက်မျိုးရှိရာ ဆေးပေါ့လိပ်ထုပ်များရှိ ဆေးလိပ်ပါဝင်မှု၊ ဆေးလိပ်တစ်လိပ်ချင်းစီ၏ ဈေးနှုန်းများပေါ် မူတည်၍ အခွန်တံဆိပ်ခေါင်းများ ရောင်းချပေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဆေးပေါ့လိပ်များသည် အထူးကုန်စည်ခွန်များ စာရင်းတွင် ပါဝင်နေရာ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်၏ ပြည်ထောင်စု အခွန်ဥပဒေတွင် ဆေးပေါ့လိပ်များကို အခွန်ကောက်ခံရန် ပြဋ္ဌာန်ထားကြောင်း၊ ယင်းကြောင့် ဆေးပေါ့လိပ်များအတွက် အခွန်ပေးပြီး ဖြစ်ကြောင်း သိရှိစေရန် အခွန်တံဆိပ်ကပ်ရခြင်း ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားသည်။

“အခွန်ဥပဒေအရ အခွန်ပေးပြီးကြောင်း ကုန်ပစ္စည်းထုတ်လုပ်တဲ့သူက မှတ်တမ်းတင်တဲ့သဘော ဖြစ်ပါတယ်။ ရှိသင့်တယ်လို့ ယူဆတယ်။ အခွန်ပေးပြီးကြောင်း ပြည်သူကို သိစေလိုတာဖြစ်တဲ့ အတွက် တံဆိပ်ကပ်ထားဟာ ဆေးလိပ်ထုတ်လုပ်တဲ့သူတွေ အတွက်လည်း အကျိုးရှိတယ်။ သောက်သုံးတဲ့သူတွေဘက်က ကြည့်ရင်လည်း အခွန်ဆောင်ပြီးသား ပစ္စည်းကို သုံးရတယ်ဆိုတဲ့ သဘောမျိုး ရှိပါတယ်” ဟု ၎င်းက ရှင်းပြသည်။

အခွန်တံဆိပ်ခေါင်များ ကပ်နိုင်ရန် အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ရာ အခွန်တံဆိပ်ခေါင်းကပ်ခြင်း ရှိ မရှိ သိနိုင်ရန် သက်ဆိုင်ရာ အခွန်ရုံးများက စည်းကြပ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ အခွန်တံဆိပ်ခေါင်းကပ်ခြင်း မရှိသည့် လုပ်ငန်းများကို ဆေးပေါ့လိပ်တန်ဖိုး၏ ၂၅၀ ရာခိုင်နှုန်း ဒဏ်ရိုက်မည် ဖြစ်ကြောင်း မန္တလေးတိုင်း အခွန်ဦးစီးဌာန အကြီးတန်း အရာရှိက ပြောကြားသည်။ 

M-05