News

POST TYPE

LATEST NEWS POST

အ​ခြေခံပညာ​ကျောင်းများရှိ ဆိုင်​ခန်းများနှင့်ကျူးများ ဖယ်ရှားမည်
20-Sep-2017 tagged as ရန်ကုန်

ရန်ကုန်၊ စက်တင်ဘာ ၂၀

ရန်​ကုန်​တိုင်းအတွင်းရှိ အ​ခြေခံပညာ​ကျောင်းများအတွင်း ဖွင့်​လှစ်​​ရောင်းချ​နေ​သော ဆိုင်​ခန်းများနှင့် ကျူးကျော်များ အားလုံးကို လာမည့် ၂၀၁၈ ခုနှစ်​ မတ်​လကုန်တွင် အပြီးသတ်​ ဖျက်​သိမ်းဖယ်​ရှားသွားမည်​ဖြစ်​​ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှု​ရေးဝန်​ကြီး ဦးနိုင်​ငံလင်းက ​ပြောသည်​။

စက်တင်ဘာလ ၂၀ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ဦးနိုင်ငံလင်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လှိုင်​သာယာမြို့နယ်​အတွင်း အခြေခံ ပညာ​ကျောင်းများရှိ ကျူး​ကျော်​အိမ်​ ၃၄ လုံးနဲ့ သက်​သာဆိုင်​ခန်း ၁၈၆ ခန်းရှိ​နေပြီး အဆိုပါ ကျူး​ကျော်​အိမ်​များနှင့်​ ကျူး​ကျော်​ဆိုင်​ခန်း ဖယ်​ရှား​ပေးရန်​ အစီအစဉ်​များနှင့်​ပတ်​သက်​၍ လှိုင်​သာယာမြို့နယ်​ မဲဆန္ဒနယ်​ အမှတ်​ (၂) လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးမြတ်​မင်းသူက ​မေးမြန်းခဲ့မှုကို ဝန်ကြီးက ယင်းသို့ ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရန်​ကုန်​တိုင်းဒေသကြီးအတွင်းရှိ အ​ခြေခံပညာ​ကျောင်းများအတွင်း ဖွင့်​လှစ်​​ရောင်းချ​နေ​သော သက်​သာဆိုင်​ခန်းများ အားလုံးကို၂၀၁၇ ခုနှစ်​​ အောက်​တိုဘာလအထိသာ ဆိုင်​ခန်း ငှားရမ်းခများ ​ပေးသွင်းရန်​၊ စာချုပ်​သက်တမ်း ကုန်​ဆုံးပါက ထပ်​မံ စာချုပ်​ မချုပ်​ဆိုရန်​နှင့်​ ဆိုင်​ခန်းများအား အပြီးအပိုင်​ ဖျက်​သိမ်း​ပေးရန်​ အ​ကြောင်းကြား​ထားပြီးဖြစ်​​ကြောင်း ဝန်​ကြီးက ​ပြောကြားသည်​။

ယင်းသို့ အကြောင်းကြားခဲ့သော်လည်း ငှားရမ်းသူများဘက်က ရန်ကုန်တိုင်း တစ်တိုင်းလုံး ဖယ်ရှားမှသာ ယင်းဆုံးဖြတ်ချက်ကို လိုက်နာမည်ဟု ပြန်ပြောခဲ့ကြောင်း ဦးနိုင်ငံလင်းက ဆိုသည်။

“ကျောင်းမဖွင့်မီ ကာလအတွင်း ဖျက်သိမ်းရန် ကျန်ရှိတဲ့အခန်းအားလုံးကို ၁၉၅၅ ခုနှစ် အစိုးရအိမ် ဥပစာ နှင်ထုတ်ခြင်း ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ တိုင်းပညာရေးရုံးကို အကြောင်းကြားထားပြီးဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

လှိုင်သာယာမြို့နယ်အတွင်းတွင် အခြေခံပညာကျောင်းပိုင် မြေများကို ကျူးကျော်၍ ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများနှင့် ကျူးကျော်အိမ်များပါ ရှိနေပြီး အမြန်ဆုံး ဖယ်ရှားစေလိုကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောဆိုသည်။

“ကလေးတွေ ပညာရေးအတွက် အခက်အခဲ ဖြစ်စေပါတယ်။ တချို့က ဆိုင်ခန်းကို အခိုင်အမာ လုပ်ပြီး လူပါနေပြီး ကျူးကျော်လာကြတယ်”ဟု ၎င်းက ဆိုသည်။

J-08