News

POST TYPE

LATEST NEWS POST

ဘဏ်ငွေလဲရာမှ ငါးထောင်ကျပ်တန် ငွေစက္ကူအတု ၅၄ ရွက် သိမ်းဆည်းမိ
20-Sep-2017 tagged as ငွေစက္ကူအတု

ရန်ကုန်၊ စက်တင်ဘာ ၂၀

ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ငွေလွှဲသော အမျိုးသားတစ်ဦးထံမှ ငါးထောင်ကျပ်တန် ငွေစက္ကူအတုများကို စက်တင်ဘာလ ၁၈ ရက်က သိမ်းဆည်းရှိခဲ့သဖြင့် CID က စစ်ဆေးကြောင်း ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်ဝင်းက ပြောကြားသည်။

ငွေစက္ကူအတုလွှဲသည့် အမျိုးသားသည် ကျောက်ဖြူမြို့နယ် အထက်တန်းကျောင်းတစ်ခုမှ ကျောင်းအကူစာရေး တစ်ဦးဖြစ်ပြီး သိမ်းဆည်းရရှိခဲ့သော ငွေစက္ကူအတု ၅၄ ရွက်ကို အရောင်းအဝယ် ပြုလုပ်သည့် ဈေးသည်တစ်ဦးထံမှ လက်ပြောင်းလက်လွှဲ ရရှိသည်ဟု ကနဦး စစ်ဆေးချက်အရ သိရှိပြီး ခရိုင်ရဲတပ်ဖွဲ့အနေနှင့် အမှုဖွင့်လှစ်ရန် ဆက်လက် စုံစမ်းနေသော်လည်း အမှုတွဲကို ပြည်နယ်အဆင့် CID ရဲတပ်ဖွဲ့သို့ လွှဲပြောင်းထားပြီးဖြစ်ကြောင်း ဒုရဲမှူးကြီး ဇော်ဝင်းက ဆက်လက် ပြောကြားသည်။

“လောလောဆယ် CID ကို လွှဲထားတယ်။ ငွေစက္ကူအတုက လုပ်သားပြည်သူ လက်ထဲမှာလည်း ရှိနိုင်တော့ သေချာဆက်စစ်ပြီးမှ တရားလိုအနေနဲ့ အမှုဖွင့်ပေးမယ်။ စုံစမ်းစစ်ဆေးမှုအတွက် CID ရဲတပ်ဖွဲ့ကပဲ ဆက်ဆောင်ရွက်မှာပါ”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံလုံးတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၉၅၇ ရွက်နှင့် ကျပ်ငါးထောင်တန် ငွေစက္ကူအတု ၁၃၄၃ ရွက် အသီးသီးကို ရဲတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ထံမှ သိရသည်။

ငွေကြေးဆိုင်ရာ အတုပြုလုပ်မှုသည် ငွေကြေးခဝါချမှု ဥပဒေဖြင့် ငြိစွန်းသည့် လုပ်ရပ်တစ်ခုဖြစ်သည်ဟု အစိုးရ က သတ်မှတ်ထားပြီး လက်ရှိအစိုးရသက် တမ်း တစ်နှစ်ကျော်အတွင်း ငွေကြေးခဝါ ချမှုဥပဒေနှင့် ဆက်နွှယ်သည့် အမှုပေါင်း ၉၃ မှုကို နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် ပြည်ထဲရေးဝန်ကြီး ဌာနအသီးသီးမှ ဖွဲ့စည်းပေးထားသည့် စိစစ်ရေးအဖွဲ့က ဦးဆောင်စစ်ဆေးလျက် ရှိသည်။

J-17