News

POST TYPE

LATEST NEWS POST

မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဒုက္ခသည်များအတွက် ထရမ့်ထံမှ အကူအညီကို မမျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ပြောကြား

ဒါကာ၊ စက်တင်ဘာလ ၁၉

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟက်ဆီနာက မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ရိုဟင်ဂျာ မွတ်ဆလင်များအကြောင်းကို တနင်္လာနေ့က သမ္မတထရမ့်အား ပြောပြခဲ့သော်လည်း မည်သို့မျှ မခံစားရကြောင်း ရှင်းရှင်းလင်းလင်း ပြသသွားသည့် ထရမ့်ထံမှ အကူအညီကို မမျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

“ကုလအထွေထွေညီလာခံ အစည်းအဝေးကနေ ထရမ့် ထွက်ခွာသွားတဲ့အချိန် ကျွန်မက မိနစ်အနည်းငယ် တားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် အခြေအနေ ဘယ်လိုလဲလို့ သူကမေးတယ်။ ကောင်းပါတယ်၊ တစ်ခုတည်းသော ပြဿနာက မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကြောင့်ပါလို့ ပြန်ဖြေခဲ့တယ်။ ဒါပေမဲ့ သူက ဘာမှ မှတ်ချက်ပြန်မပေးခဲ့ဘူး”ဟု ရှိတ်ဟက် ဆီနာက Reuters အင်တာဗျူးတွင် ပြောကြားသည်။

ပြီးခဲ့သောလအတွင်း ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ သောင်းကျန်းသူများ၏ တိုက်ခိုက်မှုအပေါ် မြန်မာစစ်တပ်က တုံ့ပြန်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဘင်္ဂါလီ မွတ်ဆလင် လေးသိန်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု သိရှိရသည်။

တိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း သေဆုံးသူ ၄၀ဝ ခန့်ရှိသည်ဟု မြန်မာအစိုးရသတင်းများက ဆိုသည်။

ရှိတ်ဟက်ဆီနာက ဒုက္ခသည်များနှင့်ပတ်သက်၍ ထရမ့်၏သဘောထားမှာ ရှင်းလင်းသောကြောင့် ရိုဟင်ဂျာ ဒုက္ခသည်များ ကိစ္စအတွက် ၎င်းထံမှ အကူအညီ မတောင်းတော့ဟု ပြောကြားသည်။

“ဘင်္ဂလားဒေ့ရှ်က ချမ်းသာတဲ့နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမဲ့ လူသန်း ၁၆၀ လောက်ကို ကျွေးထားနိုင်ရင် နောက်ထပ် ငါးရာ ဒါမှမဟုတ် ခုနစ်သိန်းလောက်ကိုလည်း ကျွေးထားနိုင်ပါတယ်”ဟု သူမ က ပြောကြားသည်။

သမ္မတထရမ့်သည် အာဏာရလာပြီး အချိန်တိုအတွင်းမှာပင် ဆီးရီးယား ဒုက္ခသည်များကို ပိတ်ပင်ရန်အတွက် အမေရိကန်ဒုက္ခသည် အစီအစဉ်ကို ရက်ပေါင်း ၁၂၀ ရပ်ဆိုင်းခဲ့ပြီး မွတ်ဆလင် ၆ နိုင်ငံမှ ခရီးသွားများ ဝင်ရောက်မှုကို ရက်ပေါင်း ၉၀ ပိတ်ပင်ရန် အမိန့်ထုတ်ခဲ့သူ ဖြစ်သည်။

နောက်ဆုံး အကြမ်းဖက်မှု ဖြစ်ပွားချိန်အထိ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ (မြန်မာနိုင်ငံတွင် ဘင်္ဂါလီဟုသာ ခေါ်ဝေါ်သည်) လူဦးရေ တစ်သန်းခန့် နေထိုင်လျက်ရှိသည်။ ၎င်းတို့အများစုကို ဘင်္ဂလားဒေ့ရှ်ဘက်မှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများဟု မြန်မာနိုင်ငံက သတ်မှတ်ထားသောကြောင့် နိုင်ငံသားအဖြစ် အသိအမှတ် မပြုသည့်အပြင် ခရီးသွားလာခွင့်မှအစ လက်ထပ်ထိမ်းမြားခွင့်အထိ ကန့်သတ် ထိန်းချုပ်ထားသည်။

အဆိုပါ ရိုဟင်ဂျာ ဒုက္ခသည်များ အိမ်ပြန်ခွင့်ရအောင် နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ဖိအားပေးစေချင်သည်ဟု ရှိတ်ဟက်ဆီနာက ပြောကြားသည်။

“မြန်မာအစိုးရ အနေနဲ့ ဒီဒုက္ခသည်တွေဟာ မြန်မာနိုင်ငံက ဖြစ်တယ်ဆိုတာကို သဘောတူ အသိအမှတ်ပြုပြီး ပြန်လက်ခံသင့်ပါတယ်။ ဒီလူတွေဟာ ဘေးဒုက္ခ တွေ့နေသူတွေ ဖြစ်ပါတယ်”ဟု သူမက ပြောကြားသည်။

မြန်မာနိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက် လက်တုံ့ပြန်မှုများကို ဟန့်တားခြင်း မရှိသောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြစ်တင်ဝေဖန်ခြင်းကို ရင်ဆိုင်နေရသည်။ အစိုးရ၏ လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက အဆိုပါ အိုးအိမ်စွန့်ခွာ သွားသူများကို ပြန်လာခွင့်ပေးမည်ဖြစ်သော်လည်း ဆွေးနွေးရန် လုပ်ငန်းစဉ် ကျန်ရှိနေသေးသည်ဟု တနင်္လာနေ့က Reuters သို့ ပြောကြားသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေကလည်း စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးများကို ရပ်ဆိုင်းရန်၊ လူသားချင်း စာနာကူညီမှုများကို ခွင့်ပြုရန်၊ ဒေသခံ အရပ်သားများကို ဘေးကင်းစွာ အိမ်ပြန်ခွင့်ပေးရန် မြန်မာအစိုးရကို တိုက်တွန်းထားသည်။

အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက်အတွင်းဝန် ပက်ထရစ်မာဖီသည် ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

F-04