News

POST TYPE

LATEST NEWS POST

မြန်မာလိပ် မျိုးမသုဉ်းရေး နှစ် ၃၀ ခန့်လုပ်ဆောင်ရမည်
20-Sep-2017 tagged as မန္တလေး

မန္တလေး၊ စက်တင်ဘာ ၁၉

မြန်မာ့မျိုးရင်းရှားပါးလိပ်မျိုးစိတ်များဖြစ်သည့် ကြယ်လိပ်၊ တိုက်လိပ်၊ အနာပျော့လိပ်များ မျိုးသုဉ်းမပျောက်ကွယ်ရေးအတွက် နှစ် ၃၀ ခန့် ထိန်းသိမ်းစောင့်ရှောက်နိုင်မှသာ စိတ်အေးရမည်ဖြစ်ကြောင်း လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ ဒါရိုက်တာ ဒေါက်တာကလျာက ပြောကြားသည်။

ချမ်းမြသာစည်မြို့နယ် ၆၅ လမ်းနှင့် ပိတောက်လမ်းထောင့်ရှိ Hotel Magic Mandalay တွင် စက်တင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်သော တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများအား ခွဲခြားစိစစ်ဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲတွင် ဒေါက်တာ ကလျာက ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

“မြန်မာမျိုးစိတ် ကြယ်လိပ်တွေ မျိုးသုဉ်းမယ့် အခြေအနေကနေ ထိန်းသိမ်းလာခဲ့တာ အခုဆိုရင် လိပ်ကောင်ရေ  ၁၄,ဝ၀ဝ လောက် ရှိနေပြီ။ ဒါပေမဲ့ ထိန်းသိမ်းတာ ရပ်လိုက်လို့ မရဘူး။ ရေရှည် လုပ်နေရဦးမယ်။ အနှစ် ၂၀ - ၃၀ လောက်လုပ်မှ စိတ်အေးရမယ်”ဟု ၎င်းက ပြောဆိုသည်။

မြန်မာ့ရှားပါးလိပ်မျိုးစိတ်ဖြစ်သော တိုက်လိပ်များ ထိန်းသိမ်းရေးအတွက် ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့နယ် လင်းဖားကျေးရွာနှင့် ဟုမ္မလင်းမြို့နယ် ထမံသီ ကျေးရွာတွင် လိပ်ထိန်းသိမ်းရေးစခန်း ဖွင့်ထားကြောင်း ခန္တီးမြို့ခံများထံမှ သိရသည်။

မြန်မာ့မျိုးရင်းစစ်စစ်ဖြစ်သည့် တိုက်လိပ် (Myanmar Roofed Turtle) သည် လွန်ခဲ့သည့် ဆယ်နှစ်နီးပါးကစ၍ တရုတ်နိုင်ငံ အပါအဝင် ပြည်ပသို့ တရားမဝင် ရောင်းဝယ်မှုများ သာမက ရှော့တိုက် ငါးဖမ်းသူများကြောင့် မျိုးသုဉ်းပျောက်ကွယ်မှု အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) ထံမှလည်း သိရသည်။

မြန်မာ့မျိုးရင်းလိပ် ၂၆ မျိုးရှိရာ ယင်းတို့အနက် ကုန်းလိပ်လေးမျိုး၊ ကုန်းနေ ရေနေ လိပ် ၁၆ မျိုး၊ အနာပျော့လိပ် ခြောက်မျိုးရှိကြောင်း လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ မှတ်တမ်းများအရ သိရသည်။

လိပ်ထိန်းသိမ်းရေး လုပ်ငန်းကို သစ်တောဦးစီးဌာန၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) နှင့် လိပ် မျိုးဆက် ရှင်သန်ရေးအဖွဲ့တို့ ပူးပေါင်းကာ  မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ရှိ မင်းစုံတောဘေးမဲ့တော၊ ပုဂံဒေသရှိ လောက နန္ဒာ ဘေးမဲ့ဥယျာဉ်၊ မကွေးတိုင်း မင်းဘူးမြို့နယ်ရှိ ရွှေစက်တော်ဘေးမဲ့တော၊ မန္တလေးမြို့တော်ရှိ ရတနာပုံ တိရစ္ဆာန်ဥယျာဉ် အပါအဝင် နေရာ ၁၁ ခုတွင် လိပ်ထိန်းသိမ်းရေးစခန်းများ ဖွင့်လှစ်ထားကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

M-01, R-15