News

POST TYPE

LATEST NEWS POST

မဟာမုနိဘုရား အရှေ့ဘက်မုခ် ကျူးကျော်ဆိုင်ခန်းများ ဖယ်ရှားမည်
မန္တလေး၊ စက်တင်ဘာ ၁၃

မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အရှေ့ဘက်မုခ် ၈၁ လမ်းပေါ်တွင် ရှိနေသည့် ဆိုင်ခန်းများအနက် လမ်းမပေ ကျူးကျော်ရောင်းချနေမှုများကို ယခုလအတွင်း ဖယ်ရှားသွားမည် ဖြစ်ကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့ထံမှ သိရ သည်။

“မူရင်းအဆောက်အအုံ ရှေ့မျက်နှာစာမှာ ဆန်းရှိတ်နှစ်ဆင့်နဲ့ ကျူးကျော်ရောင်းချနေတော့ လမ်းကျဉ်းသွားတယ်။ ပလက်ဖောင်းလည်း ပျောက်သွားတယ်။ သြဝါဒ ဆရာတော်ကြီးတွေက ဘုရားကြီးရှေ့မှာ ပိတ်ဆို့နေတာတွေကို ရှင်းပေးပါဦးလို့ ပြောတဲ့အတွက် အခုလို စီမံလိုက်တာပါ။ အစိုးရအဖွဲ့ကိုလည်း အကြောင်းကြားထားတယ်” ဟု မဟာမုနိဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောကြားသည်။ 

မဟာမုနိဘုရာအရှေ့ဘက် ၈၁ လမ်းပေါ်ရှိ ဆိုင်ခန်းများအနေနှင့် နေရောင်ကာအမိုးများ အသုံးပြု ရောင်းချနေခြင်းကြောင့် လမ်းမပေါ်ငါးပေခန့် ကျူးကျော်နေသော ဒုတိယအဆင့် နေရောင်ကာ အမိုးများကို စက်တင်ဘာ တတိယပတ်အတွင်း ဖယ်ရှားပေးရန် ဂေါပကအဖွဲ့က ဆိုင်ခန်းရှင်များထံ အကြောင်းကြားထားသည်။

“ဖယ်ဆိုတော့လည်း ဖယ်ပေးရမှာပေါ့။ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ။ အစ်မတို့ တပ်ထားတဲ့ နေရောင်ကာတွေက အရှင်တွေဆိုတော့ ဒီအတိုင်း ဖြုတ်လိုက်ရုံပါပဲ။ အစ်မဈေးရောင်းခဲ့တဲ့ သက်တမ်းအတွင်းမှာ ဒါမျိုးမကြာခဏ ကြုံဖူးပါတယ်” ဟု မဟာမုနိဘုရား အရှေ့ဘက် ၈၁ လမ်းပေါ်တွင် လက်ဖက်ရည်ဆိုင် ဖွင့်ထားသူ ဒေါ်ချောစုက ပြောကြားသည်။ 

ဆိုင်ခန်းဖွင့်သည့်အတွက် မဟာမုနိဘုရားသို့ လစဉ်အခန်းခ ကျပ် ၄၀၀၀ ပေးသွင်းရသည်ဟု ဈေးရောင်းသက် ၁၄ နှစ်ရှိသူ ၎င်းက ပြောဆိုသည်။

ဘုရားအရှေ့ဘက်မုခ်ရှိ ဈေးဆိုင်များမှ နေရောင်ကာများ မဖယ်ရှားမီ ဆိုင်ခန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းခြင်း၊ ကွင်းဆင်းလေ့လာခြင်းများ ပြုခဲ့ကြောင်း၊ လက်ရှိတွင် ဆိုင်ခန်းပေါင်း ၅၀ ကျော်ရှိကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။    

M-05