News

POST TYPE

LATEST NEWS POST

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအတွက် လှူဒါန်းငွေများ ဘဏ်စာရင်းဖွင့် လက်ခံမည်
14-Sep-2017 tagged as ရခိုင်

ရန်ကုန်၊ စက်တင်ဘာ ၁၃

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နယ်နိမိတ်ခြံစည်းရိုး မိုင်ပေါင်းလေးဆယ်ကျော် ဆက်လက်ကာရံရန်နှင့် ကာရံပြီး ခြံစည်းရိုးကို အဆင့်မြှင့်ရန်  ပြည်သူများ၏ လှူဒါန်းငွေများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဘဏ်အကောင့်ဖွင့်၍ လက်ခံသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကြား နယ်နိမိတ်အားဖြင့် မိုင်ပေါင်း ၁၆၈ ဒသမ ၅၇ မိုင်အား နယ်နိမိတ်စည်းရိုး ကာရံမှုကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က စတင်ပြုလုပ်ခဲ့ရာ လက်ရှိတွင် မိုင်ပေါင်း ၄၂ မိုင် ဆက်လက်ကျန်ရှိနေခြင်း ဖြစ်သည်။

ထို့အတူ လက်ရှိအချိန်၌ ယင်းခြံစည်းရိုးကို ပြန်လည်အဆင့်မြှင့်တင်ရန်နှင့် ကျန်ရှိခြံစည်းရိုး ကာရံခြင်းကို နိုင်ငံတော်သမ္မတ သီးသန့်ရန်ပုံငွေမှ သုံးစွဲသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရက သတင်းထုတ်ပြန်ထားသည်။

“သေသေချာချာလုပ်မယ်။ ဒီလိုလုပ်ဖို့အတွက် အစိုးရကနေ အကုန်အကျခံပြီး လုပ်မယ်။ ပြည်သူတွေကလည်း လှူဒါန်းမယ့်ငွေ ရှိတယ်။ ပြည်သူတွေ လှူဒါန်းဖို့ကို လက်ခံဖို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနကို တာဝန်ပေးထားတယ်။ သူတို့က ဘဏ်အကောင့်ဖွင့်မယ်။ ဖွင့်ပြီးတာနဲ့ ပြည်သူတွေက ပါဝင်လှူဒါန်းမယ်ဆိုရင် လှူဒါန်းလို့ရတယ်။ အစိုးရကလည်း သူရဲ့ဘတ်ဂျက်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး (ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ) က The Voice သို့ ပြောသည်။

ထို့အတူ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကြားရှိ ကာရံပြီးသော ခြံစည်းရိုးကို ပြန်လည်အဆင့်မြှင့်တင်နိုင်ရန်နှင့် ကျန်ရှိသည့် ဧရိယာကို ဆက်လက်ကာရန် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များနှင့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနများမှ လက်ရှိအချိန်တွင် မြေပြင်ကွင်းဆင်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ခြံစည်းရိုးကို ပို၍ လုံခြုံအောင် ကုန်ကျသလောက်ကို အစိုးရက ဆောင်ရွက်မှာ ဖြစ်တယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆက်လက်ပြောဆိုသည်။                

J-07