News

POST TYPE

LATEST NEWS POST

စင်ကာပူတွင် လူမျိုးစု အလှည့်ကျ သမ္မတ တင်မြှောက်မှု စနစ်သစ်အရ မလေးလူမျိုးစုမှ မွတ်စလင် အမျိုးသမီး သမ္မတအဖြစ် ပြိုင်ဘက်မရှိ ရွေးချယ်ခံရ
14-Sep-2017 tagged as စင်ကာပူ

စင်ကာပူ၊ စက်တင်ဘာ ၁၃

စင်ကာပူနိုင်ငံ၏ လူမျိုးစု အလှည့်ကျ သမ္မတ တင်မြှောက်မှု စနစ်သစ်အရ မလေးလူမျိုးစုဘက်မှ အဆိုပြုသည့် သမ္မတလောင်းများထဲတွင် အရည်အချင်းပြည့်မီသူမှာ မွတ်ဆလင် အမျိုးသမီး ဟာလီမာ ယာကွတ်ဘ် တစ်ဦးတည်းသာ ရှိသောကြောင့် ရွေးကောက်ပွဲ ကျင်းပစရာမလိုပဲ သမ္မတအဖြစ် ရွေးချယ်ခံရကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်သည်။

ဟာလီမာသည် စင်ကာပူ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာမည် ဖြစ်သလို နိုင်ငံ၏ ၄၇ နှစ်တာ သမိုင်းအတွင်း ပထမဆုံး မလေးလူမျိုး သမ္မတအဖြစ်လည်း မှတ်တမ်းဝင်မည် ဖြစ်သည်။

လာမည့် ကြာသပတေးနေ့ (စက်တင်ဘာလ ၁၄) ရက်နေ့တွင် ဟာလီမာသည် စင်ကာပူ၏ ရှစ်ဦးမြောက် သမ္မတအဖြစ် ကျမ်းကျိန်မည် ဖြစ်သည်။

 “ကျွန်မ လူတိုင်းအတွက် သမ္မတ ဖြစ်စေရပါမယ်။ ဒါက သီးသန့်နေရာပေး ရွေးတဲ့ ရွေးကောက်ပွဲ ဆိုပေမဲ့ ကျွန်မက နေရာပေးလို့ရတဲ့ သမ္မတမျိုး မဖြစ်စေရပါဘူး” ဟု ဟာလီမာက သမ္မတလောင်း အဆိုပြု စင်တာရှေ့ရှိ ထောက်ခံသူများကို ပြောကြားခဲ့သည်။

“ကျွန်မတို့ စင်ကာပူ ပြည်သူတိုင်း ရင်ပေါင်တန်းပြီး အတူတကွ ရပ်တည်ဖို့ လိုတယ်။ ကျွန်မတို့ အမြင့်ဆုံးကို မရောက်သေးဘူး။ အကောင်းဆုံး ဆိုတာတွေက အခုမှ လာဖို့အစပျိုးတာ၊ မတူညီမှုတွေကို ဘေးချိတ်ပြီး တူညီမှုတွေကို အာရုံစိုက်ဖို့ တောင်းဆိုလိုပါတယ်” ဟု ရွေးကောက်ပွဲ ဝင်စရာ မလိုတော့ဘဲ အနိုင်ရကြောင်း သေချာအပြီးတွင် ဟာလီမာက ပြောကြားခဲ့သည်။

ဟာလီမာနှင့်အတူ ခင်ပွန်းသည် မိုဟာမက် အဗ္ဗဒူလာနှင့်အတူ လာရောက်ကြည့်ရှုသူများ၊ ထောက်ခံသူများ လာရောက်ခဲ့ကြသည်။

ဟာလီမာသည် သမ္မတ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးသော အရည်အချင်းပြည့်မီမှုလက်မှတ်၊ ရပ်ရွာအသိုင်းအဝန်းကော်မတီက ထုတ်ပေးသော ရပ်ရွာအသိုင်းအဝိုင်းလက်မှတ် (မလေးလူမျိုးစုဝင် ဖြစ်ကြောင်း အတည်ပြုချက်) နှင့် နိုင်ငံရေးအရ လှူဒါန်းမှု အသိအမှတ်ပြုလက်မှတ်တို့ကို တင်သွင်းရမည် ဖြစ်သည်။

ယခုနှစ် သမ္မတ ရွေးကောက်ပွဲမှာ မလေးလူမျိုးတို့အတွက် အလှည့်ကျခဲ့ရာတွင် ဝင်ရောက်ယှဉ်ပြိုင်လိုကြောင်း လျှောက်ထားသူသုံးဦး ရှိခဲ့သည်။ ကျန်နှစ်ဦးဖြစ်သော စီးပွားရေးလုပ်ငန်းရှင် မိုဟာမက်ဆာလာမာရီကန်နှင့် ဖာရစ်ခန်တို့မှာ သတ်မှတ်ချက်တစ်ခုနှင့် မညီသောကြောင့် ယှဉ်ပြိုင်ခွင့် မရခဲ့ပေ။

ယခုနှစ် ဇွန်လတွင် အခြေခံဥပဒေ ပြင်ဆင်မှုများအရ သမ္မတလောင်းဖြစ်သူသည် ပုဂ္ဂလိကကဏ္ဍမှ ဆိုပါက ရှယ်ယာရှင်များ၏ ရှယ်ယာတန်ဖိုး အနည်းဆုံး စင်ကာပူဒေါ်လာ သန်း ၅၀၀ ရှိသည့် ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဖြစ်ဖူးရမည်ဆိုသော အချက်နှင့် ထိုပုဂ္ဂိုလ်နှစ်ဦး ကိုက်ညီမှု မရှိခဲ့ခြင်း ဖြစ်သည်။ 

ဟာလီမာမှာမူ ပြည်သူ့ဝန်ထမ်းကဏ္ဍမှ လာသူအတွက် သတ်မှတ်ချက်ဖြစ်သော ထိပ်တန်းရာထူးကြီး (တရားသူကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ် စသဖြင့်) တစ်ခုတွင် အနိမ့်ဆုံး သုံးနှစ် တာဝန်ထမ်းဆောင်ဖူးရမည် ဆိုသော အချက်ကို လွှတ်တော်ဥက္ကဋ္ဌ လုပ်ဖူးခြင်းဖြင့်  အရည်အချင်း ပြည့်မီသွားခဲ့ခြင်း ဖြစ်သည်။                  

F-03