News

POST TYPE

LATEST NEWS POST

တနင်္သာရီတိုင်းတွင် ဘင်္ဂါလီဝင်သည်ဆိုသည့် သတင်း ကောလာဟလသာဖြစ်
13-Sep-2017 tagged as ဘင်္ဂါလီ


ထားဝယ်၊ စက်တင်ဘာ ၁၃

တနင်္သာရီတိုင်းအတွင်း နေရာအနှံ့တွင် ဘင်္ဂါလီဝင်သည်ဟူသည့် သတင်း ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်ခဲ့ရာ လက်ရှိအချိန်ထိ အဆိုပါ သတင်းအားလုံးမှာ ကောလာဟလများသာ ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဖြစ်စဉ်အပြီးတွင် တိုင်းအတွင်း နေရာအနှံ့တွင် ဘင်္ဂါလီများ ဝင်ရောက်သည်ဟူသည့် သတင်း ဆယ်ကြိမ်ခန့် ထွက်ပေါ်ခဲ့ကြောင်း၊ ကောလာဟလသတင်း ထွက်သည့်နေရာတိုင်းသို့ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးချိန်တွင် ဘင်္ဂါလီဝင်ရောက်မှုနှင့် ပတ်သက်သည့် အခြေအနေ မတွေ့ရကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောကြားသည်။

“သတင်းမှန်သမျှ စောင့်ကြည့်တယ်၊ အကုန်လုံး လိုက်ကြည့်တယ်၊ မဟုတ်ဘူး ပြောပေးတယ်၊ ဖြစ်တယ်ဆိုရင်လည်း ချက်ချင်း အရေးယူမှာပေါ့၊ ခုချိန်ထိတော့ မဟုတ်သေးဘူး”ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဆိုသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ မတိုင်မီက ကောလာဟလ သတင်းထွက်ရှိမှု များသော်လည်း နောက်ပိုင်းတွင် ကောလာဟလ သတင်းထွက်မှု နည်းသွားကြောင်း ၎င်းက ဆိုသည်။

“သူများတွေ ပြောသံကြားတာနဲ့ တစ်ကယ်လားဆိုပြီး စိုးရိမ်စိတ် ဝင်နေတာ”ဟု ထားဝယ်မြို့ ဝဲကျွန်းမြို့သစ်နေ ဦးမင်းဇော်က ဖွင့်ဟသည်။

ကောလာဟလ သတင်းနှင့်ပတ်သက်ပြီး အခြေအနေမှန်ကို သိလိုပါက ရဲတပ်ဖွဲ့၏ အရေးပေါ် ဖုန်းနံပါတ် 199 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း ရဲမှူးကြီးနေမျိုးက ပြောသည်။

ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဖြစ်စဉ်များအပြီး ထားဝယ်မြို့ မြို့ဝင်ဂိတ်ရှိသည့် ရက်ကွက်တစ်ခုအပြင် ပန်းတင်အင်းရွာ၊ စော်ဖျားရွာ၊ အင်းပြားရွာနှင့် ပြင်ဘုကြီးရွာ အစရှိသည့် ပင်လယ်နှင့် နီးသည့်ကျေးရွာများတွင် ဘင်္ဂါလီများ ဝင်ရောက်သည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သည်။

Dawei Watch