News

POST TYPE

LATEST NEWS POST

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှု ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်ရန်လိုဟု NATO ဆို၊ အမေရိကန်ကို ကြီးမားသည့် အနာတရဖြစ်အောင် လုပ်မည်ဟု ပြုံယမ်း ခြိမ်းခြောက်
လန်ဒန်-ပြုံယမ်း၊ စက်တင်ဘာ ၁၁ 

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်သည် တစ်ကမ္ဘာလုံးအတွက် အန္တရာယ် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပေရာ ကမ္ဘာလုံးဆိုင်ရာ  တုံ့ပြန်မှုတစ်ရပ် ပြုလုပ်ရန် လိုအပ်သည်ဟု NATO စစ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဂျန်းစ်စတိုလန်ဘဂ်က သတိပေးချက် ထွက်ပေါ်လာကြောင်းနှင့် အကယ်၍ ဝါရှင်တန်အစိုးရက ပိုမိုတင်းကျပ်သည့်  ကုလသမဂ္ဂ ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်လာမည် ဆိုပါက အမေရိကန်ပြည်ထောင်စုအပေါ် ကြီးမားသည့် အနာတရဖြစ်အောင် လုပ်ဆောင်သွားမည်ဟု မြောက်ကိုရီးယား အစိုးရက သတိပေးလိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

BBC သတင်းဌာနနှင့် ပြုလုပ်သော အင်တာဗျူးတွင် ဂျန်းစ်စတိုလန်ဘဂ်က “မြောက်ကိုရီးယားရဲ့ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ အပြုအမူဟာ ကမ္ဘာလုံး ခြိမ်းခြောက်မှုကြီးပါ၊ အဲဒီအတွက် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုလုပ်ဖို့ လိုအပ်ပါတယ်။ အဲဒီအထဲမှာ NATO လည်း ပါဝင်ပါတယ်” ဟု ပြောကြားသည်။ 

သို့သော် ပစိဖိတ်ဒေသ၊ ဂူအမ်ကျွန်းရှိ အမေရိကန်ပိုင်နက်ကို မြောက်ကိုရီးယားတို့ တိုက်ခိုက်မည့် ကိစ္စက NATO မဟာမိတ်အတွက် စစ်ရေးအရ အရေးယူဆောင်ရွက်မှုတစ်ရပ် ဖန်တီးလာနိုင်ခြင်းရှိ၊ မရှိ BBC သတင်းဌာနက မေးမြန်းရာတွင် ၎င်းက သုံးသပ်ပြောဆိုမှု မပြုပေ။ 

“အဲဒီကိုရီးယားနိုင်ငံ အနေနဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို စွန့်လွှတ်ဖို့ရယ်၊ နောက်ထပ် စမ်းသပ်မှုတွေ ထပ်မလုပ်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဒီကိစ္စဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ပါ အချက်အလက်တွေ သိသိသာသာ ချိုးဖောက်တဲ့ ကိစ္စဖြစ်နေလို့ပါပဲ။ ပြောရရင် ဒါဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အန္တရာယ်ကြီးတစ်ခုပါပဲ” ဟု NATO ၏  အထွေထွေအတွင်းရေးမှူး ဂျန်းစစ်စတိုလန်ဘဂ်က သုံးသပ်သည်။ 

တစ်ချိန်တည်းမှာပင် မြောက်ကိုရီးယားနိုင်ငံကလည်း ၎င်းအပေါ် ပိုမိုတင်းကျပ်သည့် ကုလသမဂ္ဂ ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရန် ဝါရှင်တန်အစိုးရက လုပ်ဆောင်မည် ဆိုပါက အမေရိကန်ပြည်ထောင်စုကိုလည်း လွန်စွာကြီးမားသည့် အနာတရ ဖြစ်အောင် ပြုလုပ်မည်ဟု ခြိမ်းခြောက်လိုက်သည်။ 

စက်တင်ဘာလ ၃ ရက်နေ့၊ မြောက်ကိုရီးယားက နျူကလီးယားဗုံး (အဆင့်မြင့် ဟိုက်ဒရိုဂျင်ဗုံး) စမ်းသပ်ဖောက်ခွဲခဲ့ရာ အမေရိကန်ပြည်ထောင်စုသာမက ကမ္ဘာ့နိုင်ငံ အတော်များများက မကျေမနပ် ဖြစ်ခဲ့ကြသည်။ ယင်းဖြစ်ရပ်ကြောင့် လုံခြုံရေးကောင်စီ အရေးပေါ်ဆွေးနွေးပွဲ ပြုလုပ်ပြီး ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ရန် ဝါရှင်တန်အစိုးရက ကြိုးပမ်းလာခဲ့သည်။ 

အမေရိကန်ပြည်ထောင်စုကမူ ယခုထပ်မံပြဋ္ဌာန်းမည့် ဒဏ်ခတ်အရေးယူမှုသည် လုပ်ဖူးသမျှထဲတွင် အပြင်းထန်ဆုံး အရေးယူမှုများပင် ဖြစ်လိမ့်မည်ဟု ကြေညာခဲ့သည်။ 

ပစိဖိတ်ဒေသ၊ ဂူအမ်ကျွန်းရှိ အမေရိကန်ပိုင်နက်ကို မြောက်ကိုရီးယားတို့ တိုက်ခိုက်မည်ဟု ကြိမ်းဝါးထားမှုနှင့် ပတ်သက်၍ NATO အထွေထွေအတွင်းရေးမှူး ဂျန်းစစ်စတိုလန်ဘဂ်က “အဲဒီလိုအခြေအနေ ရောက်လာမယ်ဆိုရင် NATO စာချုပ် အပိုဒ် ၅ အတိုင်း လုပ်ဆောင်မလား၊ မလုပ်ဘူးလား ဆိုတာကို ကျွန်တော် ဘာတစ်ခုမှ မှတ်ချက်မပေးချင်ပါဘူး” ဟု ဆိုသည်။ 

“ကျွန်တော် ပြောနိုင်တာက အဲဒီပဋိပက္ခကြီးမှာ ငြိမ်းချမ်းတဲ့ အဖြေတစ်ခု ထွက်ပေါ်လာရေးအတွက် ကျွန်တော်တို့ ဘယ်လိုလုပ်ပေးနိုင်မလဲ ဆိုတာကို လောလောဆယ် အဓိက အာရုံစိုက်နေကြတယ် ဆိုတာပါပဲ” ဟု ၎င်းက ပြောကြားသည်။ 

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် “အကယ်၍ ဝါရှင်တန်အစိုးရက တရားဥပဒေနှင့် ကိုက်ညီမှု မရှိသော ဆုံးဖြတ်ချက်ချမှတ်ပြီး ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ခဲ့မည်ဆိုပါက ဒီမိုကရက်တစ် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ (DPRK) ဘက်ကလည်း အမေရိကန်ပြည်ထောင်စု အနေနှင့် တန်ရာတန်ကြေး ပြန်ပေးဆပ်နိုင်အောင် လုပ်ဆောင်သွားမည် ဖြစ်သည်” ဟု ဖော်ပြထားသည်။ 

‘DPRK နိုင်ငံက ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ရပ်များသည် အမေရိကန်ပြည်ထောင်စု အနေနှင့် သမိုင်းကြောင်းတွင် တစ်ကြိမ်တစ်ခါမျှ မကြုံခဲ့ဖူးသော ဧရာမ နာကျင်မှုကြီးကို ခံစားစေလိမ့်မည် ဖြစ်သည်’ ဟုလည်း ဆက်လက်ဖော်ပြထားသည်။