News

POST TYPE

LATEST NEWS POST

မြောက်ကိုရီးယားနျူကလီးယား ပြဿနာသည် လတ်တလော ကမ္ဘာကြီးအတွက် အဆိုးဆုံး အကျပ်အတည်းဖြစ်ဟု ကုလအကြီးအကဲ သတိပေး

ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၀

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးကျည် အစီအစဉ်ကြောင့်ဖြစ်နေသော တင်းမာမှုများသည် လတ်တလောနှစ်များအတွင်း ကမ္ဘာ့အဆိုးဆုံး အကျပ်အတည်းကြီး တစ်ခုဖြစ်သည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အန်တိုနီယိုဂူတာရီးစ်က သတိပေးပြောကြားလိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။

ကွန်မြူနစ် မြောက်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စုနှင့် မဟာမိတ်နိုင်ငံများအကြား နျူကလီးယားဆိုင်ရာ တင်းမာမှုသည် လတ်တလော ကမ္ဘာကြီး၏ အဆိုးဆုံး အကျပ်အတည်းဖြစ်ရာ မိမိအနေနှင့် လွန်စွာ စိုးရိမ်ထိတ်လန့်မိသည်ဟု ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရီးစ်က စက်တင်ဘာလ ၁၀ ရက်နေ့တွင် သတိပေးပြောကြားသည်။

“သမိုင်းကြောင်းမှာ ကျွန်တော်တို့ (ကမ္ဘာကြီးမှာ) စစ်ပွဲတွေဖြစ်ခဲ့ကြတယ်၊ သေသေချာချာ စဉ်းစားရွေးချယ်ပြီး ဖြစ်ခဲ့ကြတဲ့ စစ်ပွဲတွေရှိခဲ့တယ်။ ဒါပေမဲ့ တခြား စစ်မက်ပဋိပက္ခတွေဟာ သတိတရား မရှိမှုကြောင့်ဖြစ်တဲ့ လုပ်ရပ်တွေကြောင့် စတင်ခဲ့ရတယ်ဆိုတာ ကျွန်တော်တို့အားလုံး အသိပါပဲ”ဟု အန်တိုနီယိုဂူတာရီးစ်က ပြောကြားသည်။ 

“ယခု မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ ခြိမ်းခြောက်မှုအန္တရာယ်က ပြဿနာ ဖြစ်စေမယ့်လမ်းကြောင်းပေါ်ကို တွန်းပို့နိုင်တယ်ဆိုတာ အချိန်မနှောင်းခင် သိထားဖို့ လိုပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ဒါဟာ လတ်တလော နှစ်တွေထဲမှာ ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့ရတဲ့ အဆိုးရွားဆုံး အကျပ်အတည်းတစ်ခုပါပဲ”ဟု ၎င်းကသတိပေးပြီး ၎င်းအနေနှင့် အလွန်အမင်း စိုးရိမ်သောက ရောက်မိကြောင်း ပြောကြားသည်။ 

အဆိုပါပြဿနာအတွက် အဓိကကျသောအချက်မှာ မြောက်ကိုရီးယားအနေနှင့် နျူကလီးယားနှင့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များ တပ်ဆင်ထုတ်လုပ်နေမှုများကို ရပ်ဆိုင်းလာအောင် လုပ်ဆောင်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို လေးစား လိုက်နာလာအောင် ပြုလုပ်ရေးပင် ဖြစ်သည်ဟု ၎င်းကထောက်ပြသည်။

“ဒါပေမဲ့ ဘယ်တွေပဲဖြစ်ဖြစ် လုံခြုံရေး ကောင်စီရဲ့ ညီညွတ်မှုကို ကျွန်တော်တို့ မဖြစ်မနေ ထိန်းထားရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သံတမန် နည်းလမ်းနဲ့ အောင်မြင်အောင် အဖြေ ရှာနိုင်ရေးအတွက် လုံခြုံရေးကောင်စီရဲ့ ညီညွတ်မှုဟာ  အင်မတန် အရေးကြီးလို့ပါပဲ”ဟုလည်း ကုလသမဂ္ဂ အကြီးအကဲက ဆက်လက် သုံးသပ်သည်။

စက်တင်ဘာလ ၁၁ ရက်(ယနေ့)တွင် ပြုံယမ်း ကွန်မြူနစ်အစိုးရအပေါ်  ပိုမိုတင်းကျပ်သည့် ဒဏ်ခတ်အရေးယူမှုများ ထပ်မံပြဋ္ဌာန်းနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက လုံခြုံရေးကောင်စီကို မဲခွဲဆုံးဖြတ်စေလိုသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ တရုတ်နှင့် ရုရှားနိုင်ငံတို့က တင်းခံလျက်ရှိသည်။

လုံခြုံရေးကောင်စီ မဲခွဲဆုံးဖြတ်ရေးအတွက် အမေရိကန်ပြည်ထောင်စုက အဆိုပြုရေးဆွဲထားသော ဆုံးဖြတ်ချက် မူကြမ်းတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ပိုင်ဆိုင်သောအရာများကို ထိန်းချုပ်နိုင်ရေး သာမက ယင်းနိုင်ငံသို့ လောင်စာတင်ပို့ရောင်းချမှုများအား ပိတ်ပင်မည့်အစီစဉ်များလည်း ပါဝင်သည်။

မြောက်ကိုရီးယားကို ရေနံနှင့် ရေနံထွက်ကုန်များ တင်ပို့ရောင်းချနေသော တရုတ်နှင့် ရုရှားတို့ကမူ စေ့စပ်ညှိနှိုင်းမှုဖြင့်သာ ပြဿနာကို အဖြေရှာရန် တိုက်တွန်း ပြောဆိုထားသည်။

F-01