News

POST TYPE

LATEST NEWS POST

နျူကလီးယား စမ်းသပ်မှု အောင်မြင်စွာ လုပ်ဆောင်ပေးသူ သိပ္ပံပညာရှင်များကို မြောက်ကိုရီးယားခေါင်းဆောင် နိုင်ငံတော်အခမ်းအနားဖြင့် ဂုဏ်ပြု
ပြုံယမ်း၊ စက်တင်ဘာ ၁၀

ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည့် နျူကလီးယား သိပ္ပံပညာရှင်များကို  မြောက်ကိုရီးယား ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းက ဧရာမ အခမ်းအနားကြီးဖြင့် ချီးကျူးဂုဏ်ပြုပွဲ ကျင်းပပေးခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်ကြေညာသည်။ 

လွန်ခဲ့သည့် သီတင်းပတ်က ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို နျူကလီးယား သိပ္ပံပညာရှင်များက အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ၎င်းတို့ကို ခေါင်းဆောင်ကြီး ကင်ဂျုံအန်းက ယခုလို နိုင်ငံတော်အဆင့်ရှိ အခမ်းအနားကြီးဖြင့် ဂုဏ်ပြုခြင်း ဖြစ်သည်ဟု သတင်းက ဆိုသည်။ 

ပြုံယမ်းအစိုးရသည် မြောက်ကိုရီးယားနိုင်ငံတော် ထူထောင်နိုင်မှု ၆၉ နှစ်မြောက် အချိန်ကာလတွင် နျူကလီးယား သိပ္ပံပညာရှင်များကို ယခုလို ဂုဏ်ပြုခြင်းလည်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်နိုင်ငံများကမူ ယခုအချိန်ကာလတွင် မြောက်ကိုရီးယား၏ ရန်စပြုမူမှုများ ထပ်မံမြင်တွေ့ရမည်ဟု ခန့်မှန်းထားကြသည်။ သို့သော် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု အပါအဝင် အခြားသော ရန်စပြုမူမှုများ ပြုလုပ်ခြင်း မရှိသေးသည်ကို တွေ့ရကြောင်း Reuters သတင်းဌာနက  ဖော်ပြသည်။ 

KCNA သတင်းဌာန၏ ဖော်ပြချက်တွင် ကင်ဂျုံအန်းက နျူကလီးယား သိပ္ပံပညာရှင်များကို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကာ ယင်းအခမ်းအနားတွင် စစ်ဘက်ခေါင်းဆောင်များနှင့် ပါတီခေါင်းဆောင်များကိုလည်း တစ်ပါတည်း ဖိတ်ကြားခဲ့ကြောင်း၊ ကင်ဂျုံအန်းနှင့် သိပ္ပံပညာရှင်များ သာမက အားလုံးအတူတကွ ပျော်ရွှင်စွာ ဓာတ်ပုံရိုက်ခဲ့ကြကြောင်း ဖော်ပြထားသည်။ 

မည်သည့်နေ့ရက်က အဆိုပါ အခမ်းအနား ကျင်းပသည်ကို KCNA က မဖော်ပြသော်လည်း လေ့လာစောင့်ကြည့်သူများက စနေနေ့ ညနေပိုင်းက ဖြစ်ဟန်ရှိသည်ဟု သုံးသပ်သည်။ 

ထို့ပြင် မြူးရယ်ပျော်ရွှင်နေသည့် ကင်ဂျုံအန်းနှင့်အတူ မြောက်ကိုရီးယား၏ ထိပ်တန်းသိပ္ပံပညာရှင်နှစ်ဦး ဖြစ်သည့် ရီဟောင်ဆွပ်နှင့် ဟောင်ဆောင်းမူတို့၏ ဓာတ်ပုံများကိုလည်း KCNA က ထုတ်ပြန်ခဲ့သေးသည်။ ရီဟောင်ဆွပ်နှင့် ဟောင်ဆောင်းမူတို့သည် မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်တွင် အရေးပါသည့် အခန်းကဏ္ဍကို တာဝန်ယူကြသူများ ဖြစ်ပြီး ဒုံးကျည်လက်နက်များ စမ်းသပ်ရာတွင်လည်း ၎င်းတို့၏ ကွပ်ကဲမှုဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ 

ယခုနောက်ဆုံးတစ်ကြိမ် ပြုလုပ်ခဲ့သော နျူကလီးယား စမ်းသပ်မှုသည် လွန်စွာအဆင့်မြင့်သည့် ဟိုက်ဒရိုဂျင်ဗုံးကို စမ်းသပ်ခဲ့ခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယားက ဆိုသည်။ 

အနောက်နိုင်ငံများမှ နျူကလီးယား ကျွမ်းကျင်သူများက မြောက်ကိုရီးယားတွင် ဟိုဒရိုဂျင်ဗုံး တီထွင်ထုတ်လုပ်နိုင်ခြင်း သို့မဟုတ် ထုတ်လုပ်ရန် နီးစပ်ခြင်း စသည့်တို့နှင့် ပတ်သက်၍ ခိုင်မာသည့် အထောက်အထားများ ရှိထားကြောင်း  ပြောကြားသည်။ 

KCNA သတင်းဌာန၏ ဖော်ပြချက်တွင် မြောက်ကိုရီးယား သိပ္ပံပညာရှင်များနှင့် နည်းပညာရှင်များသည် နိုင်ငံသမိုင်းကြောင်းတွင် ဂုဏ်ကျက်သရေ မြင့်တက်စေမည့် ကိစ္စတစ်ရပ်ကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်ဟု ဆိုထားသည်။ 

ကင်ဂျုံအန်းကမူ အဆိုပါ သိပ္ပံပညာရှင်ကြီးများသည် နျူကလီးယား အင်အားတောင့်တင်းသည့် နိုင်ငံတစ်ခု ထူထောင်ရေးဟူသော ပန်းတိုင်ကို ဦးဆောင်ချီတက်သွားနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ချီးမွမ်းပြောဆိုခဲ့ကြောင်း KCNA က ကိုးကားဖော်ပြသည်။ 

“လတ်တလော ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်နိုင်မှုဟာ ကိုရီးယားပြည်သူတွေ သွေးနဲ့ရင်းပြီး အောင်မြင်စွာ ရရှိလိုက်တဲ့  ဧရာမ အောင်မြင်မှုကြီးပဲ ဖြစ်တယ်” ဟူသော ကင်ဂျုံအန်း၏ ချီးမွမ်းစကားကို အဆိုပါ သတင်းဌာနက ဖော်ပြသည်။ 

မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်တွင် အရေးပါသည့်နေရာမှ ပါဝင်သူ အဆိုပါ သိပ္ပံပညာရှင်နှစ်ဦးကို ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယား နိုင်ငံတို့က အမည်မည်းစာရင်း၌ ထည့်သွင်းတော့မည့် အခြေအနေတွင် ရှိသည်ဟု လေ့လာစောင့်ကြည့်သူများက ဆိုသည်။    

F-01