POST TYPE

LATEST NEWS POST

မင်းဘူး-အမ်းလမ်းတွင် အဖွဲ့စုံစစ်ဆေးမည်
09-Sep-2017 tagged as ဘင်္ဂါလီ

မကွေး၊ စက်တင်ဘာ ၉

ရခိုင်ပြည်နယ် အမ်းမြို့နှင့် မကွေးတိုင်းဒေသကြီး မင်းဘူးသို့ တိုက်ရိုက်သွားလာနိုင်သည့် မင်းဘူး-အမ်းလမ်းပိုင်း မင်းဘူးမြို့နှင့် ၃၃ မိုင်ခန့် အကွာရှိ စာတတ်ကူစစ်ဆေးရေးဂိတ်တွင် အဖွဲ့စုံစစ်ဆေးရေး လုပ်ဆောင်မည် ဖြစ်ကြောင်း မကွေးတိုင်း အစိုးရအဖွဲ့ လဝကဝန်ကြီး ဦးနေမျိုးကျော်က ပြောကြားသည်။

ယခင်ကတည်းက ရခိုင်ဘက်မှ လူဝင်မှု အနေအထားများကို ငဖဲမြို့နယ်အတွင်းရှိ စာတတ်ကူစစ်ဆေးရေးဂိတ်မှ အထူးစစ်ဆေးနေပြီး ရခိုင်ပြည်နယ် မောင်တောဒေသတွင် ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အဖွဲ့စုံစစ်ဆေးရေး ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း ဝန်ကြီးက ပြောကြားသည်။

ငဖဲမြို့နယ် ဂုတ်ကြီးရဲကင်းမှ ရဲကင်းမှူး ရဲအုပ်ကျော်မျိုးက စာတတ်ကူ စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းပြီး မင်းတုန်းနှင့် မင်းလှဘက်သို့ ဆင်းနိုင်သည့် တောလမ်းများ ရှိနေသောကြောင့် အဖွဲ့စုံစစ်ဆေးရေးဂိတ်ကို အမ်းနှင့်အနီးဆုံး ဂုတ်ကြီးရဲကင်းအနီးတွင် ထားရှိခြင်းက ပိုထိရောက်နိုင်မည်ဟု ယူဆကြောင်း ထောက်ပြပြောဆိုသည်။

“ခိုးဝင်တွေထက် ပို့ပေးနေတဲ့ ကယ်ရီတွေက ပိုပြီးလမ်းကျွမ်းတော့ စစ်ဆေးရေးဂိတ်တွေရှိတဲ့ နေရာတွေဆို တောလမ်းတွေက တစ်ဆင့်ခြေလျင်လျှောက်ပြီး ကျော်ဖြတ်လေ့ရှိတယ်။ ဂုတ်ကြီးတို့ စာတတ်ကူမောင်းတံဂိတ်တို့ ကျော်ပြီဆိုရင်တော့ မြန်မာပြည်အနှံ့ကို သွားရောက်နိုင်ဖို့ အခွင့်အလမ်း အတော်ကောင်းသွားပါပြီ။ ဒါကြောင့် စစ်ဆေးရေးအဖွဲ့တွေကို စနစ်တကျ ထားရှိသင့်ပါတယ်” ဟု ရဲအုပ်ကျော်မျိုးက ပြောကြားသည်။

ရခိုင်နှင့် ဆက်သွယ်ထားသည့် ကားလမ်းမပေါ်ရှိ စစ်ဆေးရေး ဂိတ်အချို့သည် သတင်းရရှိချက်အပေါ် မူတည်ပြီး စောင့်ဖမ်းစစ်ဆေးမှုအချို့ကိုသာ ဆောင်ရွက်နိုင်ခြင်း ရှိကြောင်း၊ ကြိုတင်သတင်းမရသည့် အချိန်များအတွက် စိုးရိမ်စရာ အနေအထားများကြောင့် ယခုလို တိုင်းအစိုးရအဖွဲ့က အဖွဲ့စုံစစ်ဆေးရေးဂိတ်ဖွင့်ကာ ဆောင်ရွက်လာမည့်အပေါ် ကြိုဆိုပါကြောင်း ငဖဲဒေသခံ ချင်းတိုင်းရင်းသား လူငယ်တစ်ဦးက ပြောဆိုသည်။

R- 02
ဓာတ်ပုံ - မျိုးလှိုင်ဝင်း (စာတတ်ကူမောင်းတံဂိတ်)