POST TYPE

LATEST NEWS POST

ကင်ဂျုံအန်းနှင့် ကွန်မြူနစ်အစိုးရ၏ ပိုင်ဆိုင်မှုများ သာမက အထည်ချုပ်လုပ်ငန်းကိုပါ ပိတ်ပင်မည့် အစီအစဉ်သစ် လုံခြုံရေးကောင်စီသို့ အမေရိကန် တင်သွင်း
ဝါရှင်တန်၊ စက်တင်ဘာ ၇

မြောက်ကိုရီးယား ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်း၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်နိုင်ရေးနှင့် ယင်းနိုင်ငံသို့ ရေနံရောင်းချမှု ပိတ်ပင်ရေး အပါအဝင် ကုလသမဂ္ဂ ဒဏ်ခတ်အရေးယူမှုသစ်များ  ထပ်မံပြဋ္ဌာန်းနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက အဆိုပြုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

မြောက်ကိုရီးယားက ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ပြီး ဒုံးကျည်စမ်းသပ်မှုများလည်း ဆက်တိုက်လုပ်ဆောင်ခဲ့သည့်နောက် အမေရိကန်ပြည်ထောင်စုက ယင်းနိုင်ငံကို ထပ်မံ ဒဏ်ခတ်အရေးယူနိုင်မည့် ဆုံးဖြတ်ချက် မူကြမ်းတစ်ရပ်ကို လုံခြုံရေးကောင်စီသို့ တင်သွင်းလိုက်သည်။ 

မြောက်ကိုရီးယားအပေါ် ထပ်မံဒဏ်ခတ်အရေးယူမည့် ကိစ္စကို တရုတ်နှင့် ရုရှားတို့က ဆန့်ကျင်ကန့်ကွက်မည်ဟု ယူဆရကြောင်း BBC သတင်းက ဖော်ပြသည်။ 

ကုလသမဂ္ဂ၏ ပြင်းထန်သော ဒဏ်ခတ်အရေးယူမှုများနှင့် ကြုံတွေ့နေရပြီ ဖြစ်သော မြောက်ကိုရီးယားအပေါ် ထပ်မံအရေးယူမည့် အစီအစဉ်တွင် မြောက်ကိုရီးယားသို့ ရေနံနှင့် စွမ်းအင်ဆိုင်ရာ ထုတ်ကုန်များ ရောင်းချမှု ပိတ်ပင်မည့်ကိစ္စ အပါအဝင် မြောက်ကိုရီးယား အထည်ချုပ် လုပ်ငန်းမှ တင်ပို့မည့်ပို့ကုန်များ ပိတ်ပင်ရေးလည်း ပါဝင်ကြောင်း၊ ထို့ပြင် ကင်ဂျုံအန်းနှင့် ကွန်မြူနစ်အစိုးရ ပိုင်ဆိုင်သော အက်ဆက်များ ထိန်းချုပ်ရေးနှင့် အကြီးတန်း အစိုးရအရာရှိများ ခရီးသွားလာခွင့် ပိတ်ပင်ရေးတို့လည်း ပါဝင်ကြောင်း သိရသည်။ 

ယင်းအစီအစဉ်ကြောင့် မြောက်ကိုရီးယား အလုပ်သမားများလည်း ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်ခံရဖွယ် ရှိသည်။ 

မြောက်ကိုရီးယားကို ဒဏ်ခတ်အရေးယူရာတွင် အရေးပါသည့် အခန်းကဏ္ဍနှစ်ခု ဖြစ်သော ပြည်ပမှ ရရှိသော ဘဏ္ဍာငွေနှင့် အထည်ချုပ်လုပ်ငန်းတို့ ကျန်ရှိနေသေးသောကြောင့် ယခုကဲ့သို့ ပိုမိုပြင်းထန်သည့် ပိတ်ဆို့မှုများ ထပ်မံပြုလုပ်ရန် အမေရိကန်အစိုးရက စီစဉ်ခြင်း ဖြစ်သည်။

သို့သော်လည်း တရုတ်နှင့် ရုရှားတို့သည် မြောက်ကိုရီးယားသို့ ရေနံနှင့် လောင်စာ တင်ပို့နေသည့် နိုင်ငံများဖြစ်ရာ ယခုလုံခြုံရေးကောင်စီသို့ တင်သွင်းသည့် ဆုံးဖြတ်ချက်မူကြမ်းကို ယင်းနိုင်ငံများက ဗီတိုအာဏာသုံးကာ ကန့်ကွက်မည့်သဘော ရှိနေသည်။ 

ရုရှားသမ္မတ ပူတင်ကမူ မြောက်ကိုရီးယားသို့ ရုရှားက တင်ပို့ရောင်းချနေသည့် ရေနံတန်ချိန် လေးသောင်းခန့် ဟူသည်မှာ အနည်းငယ်မျှသော ပမာဏသာ ဖြစ်သည်ဟု ဆိုထားသည်။ 

မြောက်ကိုရီးယားသာမက အမေရိကန်ပြည်ထောင်စု၏ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံ ဖြစ်သည့် တရုတ်ကမူ လုံခြုံရေးကောင်စီတွင် လတ်တလော အမေရိကန်အစိုးရက တင်သွင်းသည့်  ဆုံးဖြတ်ချက် မူကြမ်းများကို ထောက်ခံခဲ့သည်။ 

သို့သော်လည်း တရုတ်နှင့် ရုရှားတို့က မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်အရေးယူမှု ပြုလုပ်သည့် ကိစ္စထက် အခြားနည်းလမ်းတစ်ခုခုကို ရှာဖွေရန် တွန်းအားပေးလျက် ရှိသည်။      

F-01